ရခိုင်အမျိုးသားနေ့အခမ်းအနားကို မောင်တောနှင့် သံတွဲတို့တွင် ကျင်းပမည်

ရခိုင်အမျိုးသားနေ့အခမ်းအနားကို မောင်တောနှင့် သံတွဲတို့တွင် ကျင်းပမည်

မေလ ၁၅ ရက်နေ့တွင်ကျရောက်မည့် (၉)ကြိမ်မြောက် ရခိုင်အမျိုးသားနေ့အခမ်းအနားကို ရခိုင်ပြည်နယ် မောင်တောနှင့် သံတွဲမြို့တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးစီစဉ်နေသူများထံမှ သိရသည်။

အဆိုပါပွဲကို ရခိုင်တမျိုးသားလုံး၏ အမျိုးသားရေးစိတ်ဓာတ်ရှင်သန်စေရေးနှင့် စုစည်းညီညာရေးအပြင် နောင်မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့်အလေ့အကျင့်ကောင်းများရရှိရန် ပြုလုပ်ခြင်းဖြစ်သည်ဟု ပွဲကျင်းပရေးတာဝန်ရှိသူများကပြောသည်။

“ရခိုင်တစ်မျိုးသားလုံးနဲ့ မျိုးနွယ်စုတွေရဲ့ အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ထမြောက်ဖို့အတွက်၊ နောက်ပြီး အမျိုးသားရေးလက္ခဏာ မပျောက်ပျက်ဖို့နဲ့ နောင်လာနောင်သားတွေအတွက် ကောင်းတဲ့အလေ့အကျင့်ကောင်းတွေရဖို့ မျှော်လင့်ချက်တွေနဲ့ ပွဲကိုကျင်းပကြတာပါ”ဟု မောင်တောမြို့ ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်အုန်းကြည်က DMG ကိုပြောသည်။

ထိုပွဲတော်ကို မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက်၊ ဒုံးတိုက်ကွင်းတွင်ပြုလုပ်မည်ဖြစ်ပြီး စာပေဟောပြောပွဲ၊ ရိုးရာအကဖျော်ဖြေရေး၊ ချောတိုင်တက်ပွဲနှင့် လွန်ဆွဲပွဲအပြင် တေးဂီဖျော်ဖြေပွဲများပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။

“အခမ်းအနားဖွင့်ပွဲမှာ စာရေးဆရာတို့က စာပေဟောပြောပွဲတွေ၊ ရိုးရာအကဖျော်ဖြေပွဲပါမယ်။ မွန်းလွဲပိုင်းလောက်မှာ ချောတိုင်တက်ပွဲနဲ့ လွန်ဆွဲပွဲလဲထည့်ထားတယ်။ ဒါ့အပြင် ၁၄ အကြိုတစ်ရက်နဲ့ ၁၅ ရက်နေ့တွေမှာ စင်တင်တေးဂီတဖျော်ဖြေပွဲတွေရှိမယ်” ဟု ဦးမောင်အုန်းကြည်ပြောသည်။

အလားတူ သံတွဲမြို့ရှိ လေးမျက်နှာဘုရားကုန်းတွင်လည်း ရခိုင်အမျိုးသားနေ့အခမ်းအနားကို ကျောင်းသားများ၏ စာစီစာကုံးပြိုင်ပွဲ၊ ဘောလုံးပွဲ၊ ဒေသထွက်ပစ္စည်းများရောင်းချပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ကိုသားကြီးမောင်က DMG သို့ပြောသည်။

“ရခိုင်စာပေပညာရှင် ပုလဲရတနာဆရာတော် စာပေဟောပြောပွဲ၊ သံတွဲမြို့သား မြန်မာနိုင်ငံမှာ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင် ဦးကျော်သိန်းခိုင်ရဲ စာပေဟောပြောပွဲ၊ သံတွဲဒေသခံ The One Band ရဲ့ ဖျော်ဖြေမှုတို့လည်းပါဝင်မှာဖြစ်တယ်”ဟု ကိုသားကြီးမောင်က ဆက်လက်ရှင်းပြသည်။

သံတွဲမြို့တွင် ရခိုင်အမျိုးသားနေ့ကို ယခင် ၂၀၁၄ ခုနှစ်က တစ်ကြိမ်နှင့် ၂၀၂၁ ခုနှစ်တွင်တစ်ကြိမ်ကျင်းပခဲ့ကာ ယခုနှစ်တွင် ထပ်မံကျင်းပခြင်းဖြစ်သည်။

ရခိုင်အမျိုးသားနေ့ကို မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကို သွန်းလုပ်ပြီးစီးခဲ့သည့် ကဆုန်လပြည့်ကျော်တစ်ရက်နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်၊

ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...
July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...