ရခိုင်တွင် ပွဲစားများမှတစ်ဆင့် နိုင်ငံခြားထွက်သူများပြားလာ၊ လူတစ်ဦးလျှင် ကျပ်သိန်း ၂၀ မှ ၃၀ နီးပါးထိ ပေးရဟုဆို

ရခိုင်တွင် ပွဲစားများမှတစ်ဆင့် နိုင်ငံခြားထွက်သူများပြားလာ၊ လူတစ်ဦးလျှင် ကျပ်သိန်း ၂၀ မှ ၃၀ နီးပါးထိ ပေးရဟုဆို

ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်ရှားပါး‌နေ၍ ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံများသို့ အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားများမှတစ်ဆင့် သွားလာသူ များပြားလာနေပြီး တစ်ဦးကို ပွဲစားခ ကျပ်သိန်း ၂၀ မှ ၃၀ နီးပါးထိ ပေးနေရသည်ဟု သိရှိရသည်။

ယခုနှစ် မေလအတွင်း မြောက်ဦးမြို့နယ်၊ မုချာကျေးရွာမှ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ အလုပ် လုပ်ကိုင်ရန်သွားခဲ့သူ ၁၈ဦးရှိသည်။ ၎င်းတို့ထဲမှ ၁၂ဦးမှာ ယောင်္ကျားများဖြစ်ပြီး ၆ဦးမှာ မိန်းကလေးများ ဖြစ်ကြသည်။

"ရွာမှာက ဘာအလုပ်အကိုင်မှမရှိဘူး။ မိုးရာသီတစ်ခုပဲလုပ်ရတယ်။ လယ်ရှိလူတွေက လယ်ထွန်၊ လယ်မရှိသူတွေက အငှားလုပ်ပေါ့။ ကျန်တဲ့ရာသီတွေမှာဆိုရင် ဘာအလုပ်အကိုင်မှ မရှိလို့ ထိုင်စားနေရတာပေါ့။ အလုပ်မလုပ်ရပဲ ရှိတာကိုစားနေတော့ ကုန်ရင်ငတ်သေမှာဘဲ။ ဒီတော့ မရှိမဲ့ရှိမဲ့စုဆောင်းထားတာတွေကို ရောင်းချပြီးတော့ နိုင်ငံခြားကိုသွားရတာ"ဟု မုချာကျေးရွာမှ ဦးကျော်အောင်ကပြော သည်။

ရခိုင်ပြည်နယ်မှ ပြည်ပသို့ ထွက်ခွာ အလုပ် လုပ်သူများ အနေဖြင့် မလေးရှားနိုင်ငံသို့ လူတစ်ဦးလျှင် ၂၈ သိန်း ၊ ထိုင်းနိုင်ငံသို့ဆိုလျှင် ၁၈ သိန်း ကျပ် ပေးကာ သွားနေရသည်ဟု ဒေသခံများထံမှသိရသည်။

ယခုလိုပိုက်ဆံများစွာအကုန်ကျခံပြီးသွားရခြင်းမှာ နိုင်ငံခြားသို့ မြန်မြန်ဆန်ဆန် ရောက်ကာ အလုပ် လုပ်ကိုင်ရသည့်အတွက် သွားရခြင်းဖြစ် သည်ဟု ထိုင်း နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ ကိုဆန်းကျော်ကပြောသည်။

" Passport နိုင်ငံကူး လုပ်‌မယ်ဆိုရင် စစ်တွေ သွားရတယ်။ တစ်ခါသွားလို့လည်း မရ၊ နှစ်ခါသွားလို့လည်း မရ။ ပြီးတော့ အဆင့်ဆင့်လုပ်နေရသေးတယ်။ အဲဒါကြောင့် ပွဲစားနဲ့ပဲသွားတာပါ။ တစ်ချို့ ပိုက်ဆံ မတတ်နိုင်တဲ့သူတွေဆို ပွဲစားတွေက သူတို့‌ပိုက်ဆံနဲ့တင်ပေးတယ်။ အလုပ်လုပ်ပြီးတော့ ပြန်ဆပ် ရတာပေါ့။ ‌ပိုက်ဆံတတ်နိုင်တဲ့ သူတွေဆိုရင်တော့ နိုင်ငံခြားကိုမကူးခင် နယ်စပ်မှာ ပိုက်ဆံ အပြီးပေးရတယ်။ ဒီလိုပဲစွန့်စားလို့ သွားနေရတယ်"ဟု ၎င်းက ဆိုသည်။

ယခုလို Passport မလုပ်ဘဲသွားသူများမှာ တစ်ရက်တွင် လူပေါင်း ၁၀၀ ကျော်ခန့်ရှိနေသည်ဟု အမည်မဖော်လိုသည့် ပွဲစားအမျိုးသားတစ်ဦးက ပြောသည်။

"တစ်ရက်တစ်ရက်မှာ ရေတွက်လို့တောင်မရဘူး။ ဟိုပွဲစားနဲ့သွား ဒီပွဲစားနဲ့ သွားနေကြတာ။ ပိုက်ဆံအများပေးရတာကတော့ ကျွန်တော်တို့မှာလည်း  ပေးရ ကမ်းရတာတွေရှိလို့ သူတို့ဆီက တောင်းရတာပေါ့"ဟု ဆိုသည်။

ဒေသခံများ၏ ပြောပြချက်အရ ပွဲစားများနှင့် သွားသူများမှာ တစ်တခါတရံ နယ်စပ်၌ဖမ်းမိကာ ထောင်ဒဏ်ကျသွားသူများလည်းရှိသည်ဟုဆို သည်။သို့သော်လည်း အများစုမှာအတားအဆီး မရှိဝင်ရောက်နိုင်ခဲ့ကာ အလုပ်အကိုင် ရရှိပြီး အ ဆင်ပြေသူများကြသည်ဟု ဆိုသည်။

အလားတူ စစ်တွေမြို့ရှိ မြန်နိုင်ငံကူးလက်မှတ်ထုတ် ပေးရေး အဖွဲ့ခွဲရုံး (စစ်တွေ)တွင်လည်း Passportလာလုပ်နေသူ ထိုင်းနိုင်ငံသို့ ၇၀ရာခိုင် နှုန်း၊ မလေးရှားနိုင်ငံသို့ ၂၃ရာခိုင်နှုန်း၊ စင်ကာပူ၊ ဂျပန်နှင့် ကိုးရီးယားသို့ ၇ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရသည်။

July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...