လူတစ်ဦး ဆန်နှစ်ဗူးစီထောက်ပံ့မှုကို စစ်ကောင်စီမှ ရပ်တန့်ထားသောကြောင့် ရခိုင်က စစ်ဘေးရှောင်များ အခက်ကြုံ

လူတစ်ဦး ဆန်နှစ်ဗူးစီထောက်ပံ့မှုကို စစ်ကောင်စီမှ ရပ်တန့်ထားသောကြောင့် ရခိုင်က စစ်ဘေးရှောင်များ အခက်ကြုံ

တိုက်ပွဲများကြောင့် နေရပ်ကိုစွန့်ခွာကာ စစ်ဘေးရှောင်စခန်းများတွင် ဒုက္ခသည်အဖြစ်ရောက်ရှိနေကြသူများကို စစ်ကောင်စီမှ ပြီးခဲ့သည့်နှစ်လခန့်ကပင် စားနပ်ရိက္ခာထောက်ပံ့မှုရပ်တန့်ထားသောကြောင့် စစ်ဘေးရှောင်များမှာ စားရေးသောက်ရေးအခက်တွေ့နေကြသည်ဟု သိရသည်။

ယခင်က စစ်ဘေးရှောင်တစ်ဦးကို တစ်ရက်လျှင်ဆန်နှစ်ဗူးကျစီထောက်ပံ့ခဲ့ရာမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ထောက်ပံ့မှုရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ ထောက်ပံ့မှု ပြန်လည်ရရှိလိမ့်မည်ဟု စစ်ဘေးရှောင်တို့က မျှော်လင့်ခဲ့သော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာပြောဆိုမှုမရှိသေးကြောင်းနှင့် ပြန်လည်ထောက်ပံ့ပေးရန် အမြန်ဆုံးလိုလားသည်ဟု ပုဏ္ဏားကျွန်းစက်မှုဇုန်စစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ကိုသန်းဌေးက DMG ကိုပြောသည်။

“WFP က လူတစ်ယောက်ကို တစ်လမှာ ၁၈၀၀၀ ကျပ်ပေးတယ်။ WFP ကပေးတာနဲ့ လုံလောက်မှုမရှိဘူး။ ကျနော်တို့ ဒုက္ခသည်စခန်းတွေကို အစိုးရ(စစ်ကောင်စီ)အနေနဲ့ အရင်ကပေးတဲ့အတိုင်း ဆန်ရိက္ခာ ပြန်ပေးစေချင်တယ်။ စစ်ဘေးရှောင်တွေမှာ ဆန်ရိက္ခာမရလို့ရှိရင် ပိုပြီးအခက်အခဲနဲ့ကြုံရမယ်။ ဒါကြောင့် ဆန်ရိက္ခာပြန်ပေးဖို့ တောင်းဆိုချင်တယ်”ဟု သူကဆိုသည်။

စစ်ဘေးရှောင်အချို့မှာ လုံခြုံရေးအရ နေရပ်မပြန်နိုင်ကြသေးသည့်အတွက် စစ်ကောင်စီအနေဖြင့် စားနပ်ရိက္ခာ ပြန်လည်ထောက်ပံ့ပေးစေလိုကြောင်း ရသေ့တောင်မြို့နယ်၊ စေတီပြင်စစ်ဘေးရှောင်စခန်း၌ ခိုလှုံနေသည့် စခန်းတာဝန်ခံ ဦးသိန်းဝင်းက DMG ကိုပြောသည်။

“စားနပ်ရိက္ခာမရတော့ စစ်ဘေးရှောင်တွေမှာ အခက်တွေ့တာပေါ့။ နေရပ်လည်းမပြန်ရတော့ ရိက္ခာပြန်ပြီး ထောက်ပံ့ပေးစေချင်တယ်။ ရွာမှာလည်း တပ်စခန်းတွေရှိသေးတယ်။ တစ်နေ့မဟုတ်တစ်နေ့ ပြန်ဖြစ်လာနိုင်တယ်။ စစ်ကောင်စီ(အစိုးရ)က နေရပ်ပြန်ခွင့်မပေးသေးတော့ စားနပ်ရိက္ခာပြန်ပေးစေချင်တယ်။ အခုက ရွာပြန်ပြီးလုပ်ကိုင်စားသောက်လို့လည်းမရသေးဘူးဆိုတော့ ဒီမှာက အလုပ်ကိုင်တွေရှားတယ်။ အခက်အခဲကတော့အများကြီးပဲ”ဟု ၎င်းကဆိုသည်။

စစ်ဘေးရှောင်စခန်းများကို ထိုသို့ရိက္ခာဖြတ်တောက်ထားခြင်းမှာ ဘက်ဂျက်အခြေအနေများကြောင့်ဟု ပြောဆိုပြီး ပြန်လည်ထောက်ပံ့ပေးမည်ဟု ပြည်နယ်စစ်ကောင်စီပြောခွင့်ရသူ ဦးလှသိန်းက မတ်လပထမပတ်တွင် DMG သို့ ပြောကြားထားသည်။

ရခိုင်ပြည်နယ်အတွင်းက ရွာလုံးကျွတ်စစ်ဘေးတိမ်းရှောင်နေကြသည့် တင်းမ၊ အောင်သာစည်၊ ထီးစွဲ၊ ကျောက်တန်းကျေးရွာတို့ကို ရွာအနီးတွင်နှစ်ဖက်တပ်များ နီးစပ်စွာတည်ရှိနေသဖြင့် နေရပ်ပြန်ခွင့်မပြုသေးဟု စစ်ကောင်စီက ပြောဆိုထားသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် လက်ရှိအချိန်တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ငါးသောင်းကျော်ခန့်ကျန်ရှိနေသေးကြောင်း စစ်ဘေးရှောင်စာရင်းများကို ကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)ထံမှ သိရသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...