နိရဉ္စရာသတင်းဌာနကို ရဲကရှာဖွေ၊ သတင်းထောက်များ တိမ်းရှောင်နေရ

နိရဉ္စရာသတင်းဌာနကို ရဲကရှာဖွေ၊ သတင်းထောက်များ တိမ်းရှောင်နေရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် နိရဉ္စရာသတင်းဌာနရုံးဟောင်းကို မေလ ၇ ရက် နံနက် ၈ နာရီခွဲခန့်က ရဲ၊ စရဖအဖွဲ့ဝင်များ၊ အရပ်ဝတ်များနှင့် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ရှာဖွေခဲ့သည်ဟု ယင်းသတင်းဌာနတာဝန်ရှိသူတို့ထံမှ သိရသည်။

ယခုကဲ့သို့ သတင်းဌာနတာဝန်ရှိသူတို့အား တစုံတရာအကြောင်းကြားထားခြင်းမရှိဘဲ လာရောက်ရှာဖွေခြင်းမှာ မည်သည့်အတွက်ကြောင့်ကို မသိရသေးပေ။ အကယ်၍ စစ်ဆေးစရာရှိပါက ရုံးတာဝန်ရှိသူများကို ကြိုတင်အကြောင်းကြားသင့်ကြောင်း နိရဉ္စရာသတင်းဌာနမှ လက်ထောက်အယ်ဒီတာ ကိုမာန်ယုကျော်က ဆိုသည်။

“အရပ်ဝတ်နဲ့ကော ယူနီဖောင်းတွေနဲ့ကော ပါတယ်။ စခန်းမှူးလည်းပါတယ်။ ရဲမေတွေလည်းပါတယ်။ ရုံးဟောင်းက ပန်းရံလုပ်နေကြတဲ့အလုပ်သမားလေးတွေနဲ့ တွေ့တယ်လို့ပြောတယ်။ တစ်ခုခုဆိုရင် ကြိုတင်အကြောင်းကြားသင့်တယ်။ အကြောင်းကြားတာတစ်စုံတစ်ရာမရှိပဲနဲ့ လာရောက်အင်အားပြပြီး လာလုပ်တာက မီဒီယာတွေကို ခြိမ်းခြောက်တဲ့သဘောလို့မြင်ပါတယ်”ဟု ကိုမာန်ယုကျော်ကပြောသည်။

ထိုသို့ဝင်ရောက်စစ်ဆေးမှုကြောင့် လက်ရှိတွင် အလုပ်လုပ်နေသည့်သတင်းထောက်များမှာ လုံခြုံရေး အခြေအနေအရ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် သတင်းထုတ်လွှင့်မှုကို ယာယီရပ်နားထားမည်ဟုလည်း သိရသည်။

“ကျနော်တို့မှာ တော်တော်အခက်အခဲရှိပါတယ်။ ဒီနေ့မနက်ပိုင်းကစပြီး ကျွန်တော်တို့မှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် တိမ်းရှောင်နေရတဲ့သဘောဖြစ်နေပါတယ်။ သတင်းအပိုင်းတွေကိုလည်း ယာယီရပ်နားထားရဖို့ အခြေအနေ ဖြစ်နေပါတယ်”ဟု ကိုမန်ယုကျော်က ဆက်လက်ရှင်းပြသည်။

ထိုသို့သတင်းဌာနကို လာရောက်ရှာဖွေခြင်းမှာ မဖြစ်သင့်ကြောင်းနှင့် တစုံတရာပြဿနာရှိလျှင် အကြောင်းကြားပြီး ခေါ်ယူတွေ့ဆုံမှုများဖြင့်ဖြေရှင်းသင့်ကြောင်း ရခိုင်သတင်းသမားအသိုင်းအဝိုင်းက ပြောဆိုကြသည်။

“ကျွန်တော်တို့ဟာ တာဝန် register နဲ့လုပ်နေတဲ့ သတင်းဌာနတွေဖြစ်တယ်။ တိုင်းပြည်မှာရှိတဲ့ ရဲနဲ့စစ်သားတွေဟာ ပြည်သူတွေလုံခြုံမှုအတွက် အလုပ်လုပ်တဲ့လူတွေဖြစ်လို့ အပြစ်တစ်ခုခုကိုကျူးလွန်တယ်လို့ သံသယရှိလာရင်တောင် အကြောင်းကြားပြီးခေါ်တာမျိုးတွေ လုပ်သင့်ပါတယ်။ ဒီလိုလုပ်တာမျိုးက ပြည်သူတွေအပေါ်မှာ သတင်းဌာနတွေအပေါ်မှာ လုံခြုံမှုလျော့နည်းစေတယ်”ဟု Western News သတင်းဌာနမှ လက်ထောက်အယ်ဒီတာ ကိုထွန်းသာကဆိုသည်။

ရခိုင်အခြေစိုက် Western News သတင်းဌာနအယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုနှင့် သတင်းထောက် တစ်ဦးကိုလည်း ပလက်ဝတွင် စစ်တပ်ကအလံဖြူထောင်သည်ဆိုသော သတင်းကိုရေးသားမှုကြောင့် ရာဇသတ်ကြီးဥပေဒပုဒ်မ- ၁၂၄(က)ဖြင့် စစ်တပ်က အမှုဖွင့်ထားသည်။

ယင်းကြောင့် လက်ရှိတွင် ရခိုင်သတင်းထောက်များမှာ သတင်းရေးသားမှုနှင့်ပတ်သက်ပြီး လုံခြုံမှုမရှိသလို ဖြစ်နေပြီး သတင်းလုပ်ငန်းများ ဆက်လက်မလုပ်နိုင်အောင် ခြိမ်းခြောက်နေသည့်သဘောဖြစ်နေကြောင်းလည်း ကိုထွန်းသာက ဆက်ပြောသည်။

“ကျွန်တော်တို့ကိုလည်း ကျီးလန့်စာစားပြီး အကြောက်တရားတွေဖြစ်အောင်လုပ်တာလို့ပဲ။ ရခိုင်ပြည်က သတင်းဌာနတွေဆိုရင် ပထမ Western News ကိုလုပ်တယ်။ နောက် Narinjara ကိုလုပ်တယ်။ ဒီလိုလုပ်နေတာမျိုးက ရခိုင်မှာရှိတဲ့ သတင်းထောက်တွေ၊ သတင်းဌာနတွေကို သူတို့အနေနဲ့ခြိမ်းခြောက်တယ်။ သတင်းရင်းမြစ်တွေစီးဆင်းလို့မရအောင်၊ အလုပ်လုပ်လို့မရအောင် အနှောင့်အယှက်ပေးတယ်လို့ပဲမြင်ပါတယ်”ဟု သူကဆိုသည်။

ရခိုင်တွင် ယခင်ကလည်း အာဏာပိုင်တို့က သတင်းထောက်များကိုရှာဖွေမှု၊ သတင်းဌာနကို ဝင်ရောက်စစ်ဆေးမှုများ ရှိခဲ့သည်။ ယခုအခါတွင် ထိုသို့ဝင်ရောက်ရှာဖွေသည့် သတင်းဌာနများ ၂ ခုအထိ ရှိလာသောကြောင့် တခြားသော သတင်းထောက်များနှင့် သတင်းဌာနများမှာလည်း စိုးရိမ်မှုများရှိနေကြသည်။

“အခုနိရဉ္စရာသတင်းဌာကို ရှာဖွေလာတဲ့ကိစ္စမှာ အမျိုးသမီးလည်းပါတယ်လို့ သိရတယ်။ ဆိုတော့ အခုကတော့ အမျိုးသမီးသတင်းထောက်တွေကိုလည်း ပိုပြီးဦးတည်လာတာကို တွေ့ရတယ်။ ဒါကြောင့် အမျိုးသမီး သတင်းထောက်တွေကို ဖမ်းဆီးဖို့လာတဲ့ သဘောခံစားရတယ်။ အစကနေလုံခြုံမှုမရှိတဲ့ သတင်းထောက်တွေဟာ အခုဆိုရင် ပိုပြီးတော့ ကြောက်လန့်သွားအောင်လုပ်တာလည်းဖြစ်တယ်”ဟု ရခိုင်ပြည်မှ အမျိုးသမီး သတင်းထောက်တစ်ဦးက DMG ကိုပြောသည်။

အလားတူ ရခိုင်အခြေစိုက် DMG သတင်းဌာနမှ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကိုလည်း ၂၀၁၉ ခုနှစ် မေလက သတင်းရဲတပ်ဖွဲ့(SB)မှ တရားလိုလုပ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ- ၁၇(၂)ဖြင့် စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ်ခြင်းကိုခံထားရသည့်အတွက် လက်ရှိအချိန်ထိ တိမ်းရှောင်နေသည်။

ထို့အပြင် DMG သတင်းဌာနမှ အယ်ဒီတာ ကိုနေဝင်းစံနှင့် မနှင်းနွယ်တို့ကိုလည်း ပြီခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့က မြန်မာစစ်တပ်မှတရားလိုပြုလုပ်ကာ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)၊ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(က)တို့ဖြင့် တရားစွဲဆိုထား၍တိမ်းရှောင်နေရသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...