စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုတွေကို တစ်နေ့တခြား ပိုမိုကျူးလွန်လာတယ်လို့ KNU ပြော

စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုတွေကို တစ်နေ့တခြား ပိုမိုကျူးလွန်လာတယ်လို့ KNU ပြော

အာဏာသိမ်း စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုတွေကို တနေ့တခြား ပိုမိုကျူးလွန်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေထဲမှာ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်လာသလို အဲဒီလို ပစ်မှတ်ထား တိုက်ခိုက် ခံရတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိလာခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုတာတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ကေအဲန်ယူ တပ်မဟာ ၆ ဝင်းရေးမြို့နယ်နဲ့ တပ်မဟာ ၁ ဖားအံမြို့နယ် အတွင်းက ဒေသခံရွာသားအများအပြားကို စစ်ကောင်စီနဲ့ BGF က ဖမ်းဆီးပြီး ပေါ်တာနဲ့ လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အခုလို လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုတွေကို တစ်နေ့တခြား ပိုမိုကျူးလွန်လာတာ ဖြစ်သလို စစ်ကောင်စီရဲ့ကျူးလွန်ထားတဲ့ ပြစ်မှုတွေအတွက် သက်သေအထောက်အထားတွေ ရှိနေတယ်လို့ ကေအဲန်ယူ ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။

“ သူတို့က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတော့ ထိခိုက်မှုရှိတာ အမှန်ပဲ။တစ်နေ့တခြား စစ်ရာဇဝတ်မှုတွေကို ပိုပြီးတော့ ကျူးလွန်လာတယ်ဆိုတာ သက်သေအထောက်အထားနဲ့ ပြောလို့ရတယ်။ သူတို့က ရပ်တန့်ကရပ်ဖို့ သင့်နေပေမယ့် မရပ်ဘူးဆိုတာကို တွေ့နေရတယ်။ ကျွန်တော်တို့ကတော့ လုပ်စရာရှိတာကို ဆက်လုပ်သွားပါမယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ ပြည်သူလူထုကို ကြောက်စိတ်ဝင်အောင်လုပ်တာဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေကို လူထုက ထောက်ပံ့မှုတွေမရှိနိုင်အောင် လုပ်ဆောင်တာဖြစ်တယ်လို့ ပဒိုစောတောနီးက သုံးသပ်ပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေထဲမှာ စစ်ဆင်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆိုးဆိုးရွားရွား ကျူးလွန်နေတာကြောင့် ဒေသခံပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝဟာ လုံခြုံမှုမရှိဘူးလို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့်ကေအဲန်ယူ သထုံခရိုင် တပ်မဟာ ၁ နယ်မြေအတွင်းက ဒေသခံပြည်သူ ၂၀၀၀၀ ကျော်၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ ဝင်းရေးမြို့နယ်အတွင်းက ဒေသခံပြည်သူ ၃၀၀၀ ဝန်းကျင်ဟာ လတ်တလောမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ အရေးပေါ်လိုအပ်နေပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...