အင်္ဂဘိုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်ရ

အင်္ဂဘိုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်ရ
မေလ ၃ ရက်နေ့က အင်္ဂဘိုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ Photo Credit - KRIN
မေလ ၃ ရက်နေ့က အင်္ဂဘိုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ Photo Credit - KRIN

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ နယ် အင်္ဂဘိုကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား မေလ ၃ ရက်က တိုက်ပွဲထပ်မံဖြစ်ပွားခဲ့မှုကြောင့် ဒေသခံတစ်ထောင်ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

အထက်အင်္ဂဘိုကျေးရွာအနီး၌ တပ်စွဲထားသည့် မြန်မာစစ်တပ်စခန်းအနီးသို့ KNLA ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ပစ်ခတ်ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ(၁)နှင့်နီးစပ်သူတစ်ဦးမှ ပြောသည်။

"အင်္ဂဘိုရွာအဝင်လမ်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို မနေ့မနက် ၁၀ နာရီမှာ KNLA ပူးပေါင်းအဖွဲ့က ဝင်ပြီးပစ်ခတ်ခဲ့တာပါ။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ရင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်"ဟု ၎င်းမှပြောသည်။

ယနေ့(မေလ ၄ ရက်) နံနက်အစောပိုင်းက အင်္ဂဘိုကျေးရွာအတွင်းသို့ မြန်မာစစ်တပ်မှလက်နက်ကြီး (၅)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့မှုကြောင့် အင်္ဂဘိုကျေးရွာဒေသခံများမှာ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အင်္ဂဘိုကျေးရွာဒေသခံတစ်ဦးက “ရွာအနီးမှာ စစ်တပ်က တပ်လာစွဲတာကြာပြီ။ အရင်တိုက်ပွဲတွေ ဖြစ်ပွားကတည်းက လာပြီးတပ်စွဲနေတာ။ မနေ့က KNU တွေလာပြီးပစ်ခတ်တော့ နှစ်ဖက်အပြန်အလှန် ပစ်ကြတယ်။ ဒီနေ့မနက်စောပိုင်းမှာ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ပစ်တဲ့အသံတွေ စကြားရတယ်။ ရွာထဲကိုကျည်တွေကျတော့ တိမ်းရှောင်နေရပါတယ်”ဟု ဆိုသည်။

လက်ရှိတွင် ဒေသခံတစ်ထောင်ကျော်မှာ နီးစပ်ရာတောတောင်အတွင်း တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် နေထိုင်ရေး အခက်အခဲများဖြစ်ပေါ်နေရကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ သိရသည်။

ကျိုက်ထိုမြို့နယ်ရှိ အင်္ဂဘို၊ ကင်းမွန်ချောင်း၊ ဆောင်နိုင်ကြီး၊ မိုးဘောကျေးရွာနှင့် ရန်ကုန်-မော်လမြိုင် ကားလမ်းမအနီးတို့တွင် မြန်မာစစ်တပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံတစ်သောင်းကျော်မှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်။

စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
August 3, 2026
ဝိုင်းပတ်ပိတ်ဆို့ ခံထားရသည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်း အနီးတစ်ဝိုက်...
August 3, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ...
ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...
July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...