ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာအချို့ကို မြန်မာစစ်တပ်ကဝင်ရောက်ပြီး အိမ်ထောင်စုစာရင်းများစစ်ဆေးခဲ့

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာအချို့ကို မြန်မာစစ်တပ်ကဝင်ရောက်ပြီး အိမ်ထောင်စုစာရင်းများစစ်ဆေးခဲ့

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတချို့ကို မြန်မာစစ်တပ်ကဝင်ရောက်ပြီး အိမ်ထောင်စုစာရင်းများ စစ်ဆေးခဲ့သည်ဟု ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

မေလ ၃ ရက် ညနေပိုင်းက စစ်သားအင်အား(၅၀)ခန့်သည် ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာဟောင်းသို့ ဝင်ရောက်လာပြီး ၎င်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် တစ်ညအိပ်ခဲ့ကာ ယနေ့နံနက်ပိုင်းက အနီးအနားရှိ ငှက်ကြီးကျွန်းကျေးရွာသို့ ဝင်ရောက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ထိုသို့ကျေးရွာအတွင်းဝင်ရောက်ပြီး ရွာလူကြီးများနှင့်တွေ့ဆုံကာ အိမ်ထောင်စုစာရင်းများစစ်ဆေးခြင်း၊ ရေကန်များအား မှတ်တမ်းဓာတ်ပုံရိုက်ယူခြင်းတို့ပြုလုပ်ကာ အခြားတစ်ရွာသို့ထွက်သွားခဲ့သည်ဟု ငှက်ကြီးကျွန်းကျေးရွာသားတစ်ဦးက ပြောသည်။

“ပဒေသာရွာမှာညအိမ်ခဲ့တယ်။ ကျနော်တို့ရွာကိုဝင်ပြီးတော့ အိမ်ထောင်စုစာရင်းတွေ စစ်ဆေးခဲ့တယ်။ သောက်ရေကန်တွေကို ဓာတ်ပုံရိုက်ယူသွားတယ်။ အခုတော့ တခြားတစ်ရွာကိုထွက်သွားပါတယ်။ ဒေသခံတွေကတော့ စစ်သားတွေဝင်လာတယ်ဆိုရင် စိုးရိမ်ကြတယ်ပေါ့။ ဒါပေမဲ့ အခုတော့ဘာမှမလုပ်ခဲ့ပါဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါစစ်သားများမှာ ငှက်ကြီးကျွန်းကျေးရွာမှတစ်ဆင့် အောင်ဒူလာကျေးရွာသို့ ဝင်ရောက်လာပြီး ကျေးရွာဘုန်းတော်ကြီးကျောင်းတွင်ရှိနေသည်ဟု အောင်ဒူလာကျေးရွာမှ အမည်ဖဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

“ကျနော်တို့ရွာကို ၉ နာရီလောက်က ဝင်လာတယ်။ အခုတော့ ရွာဘုန်းကြီးကျောင်းမှာ သူတို့ဘာလုပ်နေလည်းတော့ မသိဘူး။ ကျနော်တို့လည်း လုံခြုံရေးအရတိမ်းရှောင်နေပါတယ်။ တခြားသူတွေလည်း ရှောင်နေကြပါတယ်”ဟု ၎င်းကဆိုသည်။

ယခင်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို မြန်မာစစ်တပ်က လှည့်လည်သွားလာခြင်း၊ စစ်ဆေးမေးမြန်းခြင်းများရှိသဖြင့် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း ဒေသခံများကပြောဆိုကြသည်။

ထိုသို့ စစ်တပ်က ကျေးရွာများအတွင်း ဝင်/ထွက်သွားလာနေမှုနှင့်ပတ်သက်ပြီး သိရှိနိုင်ရန်အတွက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG ကဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

ယခုကဲ့သို့ ကျေးရွာများအတွင်းဝင်ထွက်သွားလာပြီး စစ်ဆေးနေခြင်းမှာ AA မှ ထိန်းချုပ်မှုအားကောင်းလာမည်ကို စိုးရိမ်သည့်သဘောရသည်ဟု နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းကပြောသည်။

“သူတို့ဘက်ကတော့ တိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုတာကို စိုးရိမ်စိတ်ဖြစ်ပုံရပါတယ်။ မစစ်ဆေးမမေးမြန်းပဲ ဒီအတိုင်း လွှတ်ထားလိုက်ရင် AA ဘက်က ထိန်းချုပ်မှုတွေ ပိုပြီးတော့အားကောင်းလာမယ်ဆိုတာကို စိုးရိမ်စိတ်ဖြစ်ပုံရတယ်။ တဖက်မှာလည်း ဒီလိုစစ်ဆေးတာတွေလုပ်မှ သူတို့မှာလည်းလုံခြုံမယ်၊ အဆင်ပြေမယ်ဆိုတဲ့သဘောနဲ့ စစ်ဆေးတာတွေ လုပ်နေတာလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဆိုဆို ဒီလိုမျိုးစစ်ဆေးနေတာတွေဟာ နှစ်ဖက်စိုးရိမ်မှုကိုဖြစ်ပေါ်စေတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့ကလည်း မြန်မာစစ်တပ်က အင်အား ၆၀ ခန့်ပါဝင်သည့်စစ်သားများသည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာတချို့တွင် လှည့်လည်သွားလာမှုများရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)မှ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စများကိုတည်ဆောက်လျက်ရှိရာ စစ်ကောင်စီဘက်မှ အနှောက်အယှက်ပေးလာနေသောကြောင့် သည်းမခံနိုင်သည့်အနေအထားရောက်လာလျှင် တိုက်ပွဲဆက်တိုက်ဖြစ်လာနိုင်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဧပြီ ၅ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...