ငြိမ်းချမ်းရေးဆွေးနွေးမည့်ကိစ္စ EAOs(၁၇)ဖွဲ့နှင့် အဆက်အသွယ်ရထားဟု စစ်ကောင်စီပြောခွင့်ရသူဆို

ငြိမ်းချမ်းရေးဆွေးနွေးမည့်ကိစ္စ EAOs(၁၇)ဖွဲ့နှင့် အဆက်အသွယ်ရထားဟု စစ်ကောင်စီပြောခွင့်ရသူဆို

စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် ဆွေးနွေးရန်ဖိတ်ခေါ်ထားသည့် မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စအတွက် တိုင်းရင်းသား လက်နက်ကိုင်(၁၇)ဖွဲ့နှင့် အဆက်အသွယ်ရထားသည်ဟု စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(ဧပြီ ၂၇ ရက်)တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်ပြီး NCA ရေးထိုးထားသည့် PNLO၊ CNF၊ KNLA၊ DKBA၊ ABSDF၊ MNSP၊ ALP၊ DKBA၊ LDU၊ KNU အဖွဲ့(၁၀)ဖွဲ့ထဲမှ (၉)ဖွဲ့နှင့်အဆက်အသွယ်ရရှိထားကာ NCA လက်မှတ်မထိုးရသေးသည့် UWSA၊ NSCNA၊ KIA၊ KIO၊ KNPP၊ SSPP၊ WNO၊ ANC၊ PNLA၊ MNDAA၊ AA (၁၁)ဖွဲ့ထဲမှ (၈)ဖွဲ့နှင့်အဆက်အသွယ်ရရှိထားပြီး တက်ရောက်နိုင်မည့် အခြေအနေကောင်းများရှိသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုသည်။

ထိုသို့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲဖိတ်ခေါ်သည့်အထဲတွင် NUG နှင့် PDF တို့မပါဝင်ကြောင်းလည်း စစ်ကောင်စီက ပြောဆိုသည်။

“ကျနော်တို့ဆွေးနွေးပွဲဖိတ်ခေါ်တဲ့အထဲမှာ အကြမ်းဖက်အဖွဲ့တွေ မပါဝင်ပါဘူး။ ဘာကြောင့်မပါဝင်လည်းဆိုတော့ EAO တွေဟာ တိုင်းရင်းသားတွေရဲ့အခွင့်အရေး၊ တိုင်းရင်းသားနယ်မြေတွေရဲ့အခွင့်အရေးတွေကို တောင်းဆိုနေတာဖြစ်ပါတယ်။  PDF၊ NUG ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေကတော့ အကြမ်းဖက်လုပ်ရပ်တွေပဲလုပ်နေပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးရန်အတွက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလ ၂၂ ရက်နေ့တွင် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲသို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးမှ ခေါင်းဆောင်များကိုယ်တိုင်နှင့် အဖွဲ့ဝင်နှစ်ဦးစီ တက်ရောက်ပေးကြရန်နှင့် တက်ရောက်မည့်သူ၊ ပုဂ္ဂိုလ်များ၏အမည်ကို ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့တွင် နောက်ဆုံးထား စာရင်းပေးပို့ရန်လည်း ကြေညာထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်သည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် စစ်ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့်ဆွေးနွေးရန် ပြောဆိုလာခြင်းဖြစ်သည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...