နေပြည်တော်ကောင်စီ ဥက္ကဌ အပါအဝင် ကောင်စီဝင် ၃ ဦးကို စစ်ကောင်စီ အဂတိပုဒ်မတွေ ထပ်တိုး

နေပြည်တော်ကောင်စီ ဥက္ကဌ အပါအဝင် ကောင်စီဝင် ၃ ဦးကို စစ်ကောင်စီ အဂတိပုဒ်မတွေ ထပ်တိုး

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းဦးနဲ့ ကောင်စီဝင် ဦးဆန်းနိုင်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ ထပ်မံ အမှုဖွင့်လှစ်လိုက်တယ်လို့ စစ်ကောင်စီ အဂတိကော်မရှင်က ဧပြီ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ အဂတိကော်မရှင်ကတော့ ဒေါက်တာမျိုးအောင် အပါဝင် ကောင်စီဝင် ၃ ဦးဟာ ပုဗ္ဗသီရိမြို့နယ်၊ ဉာဏဒီပရပ်ကွက်ရှိ မြေကွက် ၉၆ ကွက် ဖော်ထုတ်တာနဲ့ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်း ဆောင်ရွက်ရာမှာ နိုင်ငံတော်ဘဏ္ဍာ ငွေကျပ် သိန်း ၁၈၀၀၀ ကျော် နစ်နာဆုံးရှုံးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဒါ့အပြင် သူတို့ ၃ ဦးဟာ ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင် တောရကျောင်းအနီး မြေကွက် ၃၅ကွက် ဖော်ထုတ်တဲ့ လုပ်ငန်း ဆောင်ရွက်ရာမှာလည်း နေပြည်တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ဆောင်ရွက်ပေးဖို့ မလိုတဲ့ ပုဂ္ဂလိကပိုင်မြေ ၃၅ ကွက်ကို မြေကြီး Level ညှိခြင်းလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာကြောင့် ပြည်သူ့ဘဏ္ဍာငွေကျပ် သိန်း ၃၉၀၀ ကျော် နစ်နာဆုံးရှုံးခဲ့တယ်လို့ ဆိုထားပါတယ်။

တဆက်တည်း ဒက္ခိဏသီရိ မြို့နယ်၊ မိုးသောက်ပန်းလမ်းအတွင်းရှိ မြေ ၀ ဒဿမ ၇၅ ဧကကို စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်မယ့် ပုဂ္ဂိုလ်တစ်ဦးကို ခွင့်ပြုချထားပေးခဲ့ရာမှာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှု အစည်းအဝေးဖြင့်သာ ဆုံးဖြတ်ပြီး လုပ်ငန်း ဆောင်ရွက်စေခဲ့တာကြောင့် နိုင်ငံတော်မှ ငွေကျပ် သိန်း ၅၀၀ ခန့်နစ်နာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထပ်ပြီးတော့ နေပြည်တော်မြို့မဈေး အငြိမ်းစားဝန်ထမ်းအိမ်ယာအနီး ပျဉ်းမနား-တောင်ညိုလမ်းရဲ့တောင်ဘက်ရှိ မြေဧက ငါးဧကကျော်ကို Shopping Mall ဖွင့်လှစ်လုပ်ကိုင်နိုင်ဖို့ ကုမ္ပဏီတစ်ခုသို့ ရောင်းချပေးရာမှာလည်း မြေငါးဧကကို တစ်ဧက ငွေကျပ် သိန်း ၁၀၀၀ နှုန်းဖြင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှု အစည်းအဝေးဖြင့်သာ ဆုံးဖြတ်ပြီး ရောင်းချခဲ့တာကြောင့် နိုင်ငံတော်မှစုစုပေါင်း ငွေကျပ်သိန်း ၂၀၀၀၀ ခန့် နစ်နာခဲ့တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

ဒါကြောင့် သူတို့ ၃ ဦးတို့ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်ကောင်စီနယ်မြေ အမှတ်(၁) မြို့မရဲစခန်းမှာ တရားစွဲဆို အမှုဖွင့်လှစ် အရေးယူထားတယ်လို့ စစ်ကောင်စီ အဂတိကော်မရှင်က ထုတ်ပြန်ပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...