အမ်းမြို့နယ်မှ ပိုက်လိုင်းလျော်ကြေးရရန် ကျန်နေသည့်တောင်သူများ ယနေ့အချိန်ထိ လျော်ကြေး မရသေး

အမ်းမြို့နယ်မှ ပိုက်လိုင်းလျော်ကြေးရရန် ကျန်နေသည့်တောင်သူများ ယနေ့အချိန်ထိ လျော်ကြေး မရသေး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားသည့်အတွက် ပျက်စီးသွားသည့် လယ်မြေများအတွက် လျော်ကြေးရရန်ကျန်နေသူ တောင်သူများအနေဖြင့် ယနေ့အချိန်ထိ လျော်ကြေးမရသေးဘဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

ထိုသို့ ဖြစ်နေခြင်းမှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ လျော်ကြေးပေးဖို့ ကျန်ရှိနေသည့် တောင်သူစာရင်းကို ယနေ့ထိတင်ပြလာခြင်း မရှိသေး၍ ဖြစ်ကြောင်း အမ်းမြို့နယ် ပို်က်လိုင်းရေးရာ စောင့်ကြည့်လှုပ်ရှားရေးအဖွဲ့ ဥက္ကဋ္ဌ ဦမျိုးလွင် က နိရဥ္စရာသို့ ပြောသည်။

‘‘ အခုအချိန်ထိ လျော်ကြေးပေးဖို့ ကျန်ရှိတဲ့ တောင်သူစာရင်းကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE က ဒီနေ့ထိ တင်ပြ လာတာ မရှိသေးဘူး။ ဒါကြောင့် သက်ဆိုင်ရာက လျော်ကြေးမပေးနိုင်ဘဲ ဖြစ်နေတယ်။ ဒါကြောင့် မြို့နယ် အုပ်ချုပ်ရေး ဦးကိုကိုမြတ် လက်မှတ်ရေးထိုးပြီး တောင်သူစာရင်းကို ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လျော်ကြေးပေးချေနိုင်ရေး တွက်ချက်မှုကော် မတီအဖွဲ့ သို့ ပေးပို့ဖို့ ဇူလိုင်(၁၈)ရက် နေ့စွဲနဲ့ MOGE ကို အကြောင်း ကြားထားတယ်လို့ သိရတယ်’’ ဟု သူက ပြောသည်။

ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးသွားသည့် လယ်၊ ဥယျာဉ်၊ နေအိမ်ခြံမြေ၊ သုသာန်မြေများ ပျက်စီးမှုနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးအဖွဲ့၏ တွေ့ရှိချက်များ အပေါ် မူတည်၍ မေလ ၁၆ ရက်နေ့က ပြုုလုပ်ခဲ့သော ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အစည်းအဝေးတွင် လျော်ကြေး ပေးရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

လယ်သမားများအား လျော်ကြေး တွက်ချက်ပေးချေနိုင်ရေး အတွက် မြို့နယ် လျော်ကြေးပေးချေနိုင်ရေး တွက်ချက်မှု ကော်မတီကိုလည်း ဇွန်လတွင် ဖွဲ့စည်းခဲ့ကြောင်း၊ ကော်မတီတွင် ဌာနဆိုင်ရာမှ(၇)ဦး၊ တောင်သူဘက်မှ(၄)ဦး စုစုပေါင်း(၁၁)ဦးပါ၀င်ကြောင်း၊ ၎င်းမြေယာပျက်စီးမှုနှင့်ပတ်သက်ပြီး စိစစ်ဖြေရှင်း ပေးနိုင်ရေး ဆောင်ရွက်သွားရန် ဇူလိုင်လ(၃)ရက်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ အစည်းအဝေး ပြုလုပ် ခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်အတွင်း ဖြတ်သန်းသွားတဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးများကို အမြန်ဆုံးဆောင်ရွက် ပေးဖို့ ၂၀၁၇ခုနှစ်၊ ဇွန်လ လယ်ပိုင်းတွင် အမ်းမြို့နယ် ပို်က်လိုင်းရေးရာစောင့်ကြည့် လူပ်ရှားရေးအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု ထံသွားရောက်တင်ပြခဲ့ဟု ဦးမျိုးလွှင်က ပြောကြားသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် လယ်၊ ဥယျာဉ်၊ နေအိမ်ခြံမြေ၊ သုသာန်မြေများ ပျက်စီးမှုနှင့်ပတ်သက်၍ ၂၀၁၆ခုနှစ် သြဂုတ်လ(၁၃)ရက်နေ့ အမ်းမြို့နယ်၊ အမ်းတောင်ကျေးရွာအုပ်စုမှ စတင်ကာ တောင်သူတစ်ဦးချင်း မြေများကို ကွင်းဆင်းတိုင်းတာခဲ့သည်။

အမ်းမြို့နယ်တွင် ကျေးရွာအုပ်စု(၉)ခုနှင့် ကျေးရွာပေါင်း(၄၀)ကျော်ကို ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားပြီး လယ်၊ ဥယျာဉ်၊ နေအိမ်ခြံမြေ၊ သုသာန်မြေများပျက်စီးကာ ပတ်ကွေ့ကျေးရွာနှင့် ချောင်းပေါက်ကျေးရွာ လည်းပြောင်း ရွှေ့ခံခဲ့ရကြောင်း သိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...