ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမ၊ ကော့နွဲ့တံတားအလွန် ကျောက်ခွဲစက်ရှေ့မှာ ဧပြီ ၆ ရက်နေ့ မနက်ပိုင်းက ကျွဲနွားတင်ကား တစ်စီး ပစ်ခတ်ခံရတာကြောင့် ယာဉ်မောင်း အပါအဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ကော့ကရိတ်ဘက်ကနေ မြဝတီဘက်ကို မောင်းနှင်လာတဲ့ ကျွဲနွားတင် ၆ ဘီးယာဉ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက သေနတ်နဲ့ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ယာဉ်မောင်း ဦးခေါင်း ကျဉ်ထိမှန် သေဆုံးပြီးနောက် ကားဟာ လမ်းဘေးချောင်းထဲ ထိုးကျ တိမ်းမှောက်သွားခဲ့တာပါ။
ကျွဲနွားတင်ကား လမ်းဘေးချောင်းထဲ ထိုးကျသွားတာကြောင့် ယာဉ်မောင်းနဲ့အတူ လာတဲ့ အမျိုးသား ကားညှပ်ပြီး ထပ်မံသေဆုံးခဲ့သလို ကျွဲနွားတချို့လည်း သေဆုံးခဲ့ပါတယ်။
KNU သွားလာခွင့် ပိတ်ပင်ထားတဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမနဲ့ မြဝတီ-ဝေါ်လေ လမ်းပိုင်းတွေမှာ အခုရက်ပိုင်း စစ်ကောင်စီတပ်နဲ့ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အာရှလမ်းမမှာ သွားလာနေတဲ့ ယာဉ်တချို့ မီးရှို့ဖျက်ဆီးခံခဲ့ရသလို ဒီဖြစ်စဉ် အပါအဝင် အရပ်သားပြည်သူ ၄ ဦး သေဆုံးထားပါတယ်။
KNU ကတော့ တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်ထဲကို စစ်ကောင်စီဘက်က အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ မြဝတီ-ဝေါလေလမ်းပိုင်း လမ်းအသုံးပြု ရပ်ဆိုင်းထားဖို့ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့မှာ မေတ္တာရပ်ခံ ထားပါတယ်။







