ကော့ကရိတ်-မြ၀တီ အာရှလမ်းမပေါ်မှာ ဒီကနေ့ ဧပြီ ၄ ရက်နေ့ မနက်ပိုင်းက KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ကော့ကရိတ်မြို့ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကေအဲန်ယူက သွားလာခွင့်ပိတ်ပင်ထားတဲ့ ကော့ကရိတ်-မြ၀တီအာရှလမ်းမ တောနော်ရေတံခွန်အနီး ဆိပ်ဖူးတောင်ခြေဘက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး အာရှလမ်းမပေါ် သွားလာနေတဲ့ ယာဉ်ကြီးနှစ်စီးဟာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဒီလို အာရှလမ်းမပေါ်မှာ တိုက်ပွဲဖြစ်ပွားပြီး ယာဉ်တွေမီးရှို့ခံရတဲ့ဖြစ်စဉ်ကြောင့် လမ်းမပေါ်မှာ သွားလာနေတဲ့ ကားတွေဟာ ဆက်လက်ထွက်ခွာလို့မရဲတော့ဘဲ အခြေအနေကိုစောင့်ကြည့်ပြီး ရပ်တန့်နေရပါတယ်။
ဒီကနေ့ ဧပြီ ၄ ရက်နေ့ထုတ် စစ်ကောင်စီရဲ့အာဘော် သတင်းစာဖြစ်ကြတဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာမှာ မြ၀တီ-ကော့ကရိတ်အာရှလမ်းမကြီးမှာ ခရီးသည်ယာဉ်၊ ကုန်တင်ယာဉ်နဲ့ ယာဉ်ငယ်တွေ ပုံမှန်သွားလာလျက်ရှိနေပြီး ကုန်စည်စီးဆင်းမှုတွေပုံမှန်ဆောင်ရွက်လျက်ရှိနေတယ်လို့ ဖော်ပြရေးသားထားပါတယ်။
ကော့ကရိတ်-မြ၀တီအာရှလမ်းမကြီးမှာ ဧပြီ ၁ ရက်နေ့မတိုင်မီ ရက်ပိုင်းအတွင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး သွားလာနေတဲ့ ယာဉ်အချို့မီးရှို့ခံရတဲ့အပြင် ယာဉ်တွေကိုပါ ပစ်ခတ်တာကြောင့် ခရီးသွားတွေအချို့ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေလည်း ရှိနေတာဖြစ်ပါတယ်။
ကေအဲန်ယူ-ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ကတော့ ကော့ကရိတ်-မြ၀တီ အာရှလမ်းမနဲ့ ဝေါ်လေ-မြ၀တီ လမ်းမတွေမှာ သွားလာတာတွေမပြုလုပ်ဖို့ ပြီးခဲ့တဲ့ မတ်လပိုင်းက စာအသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။







