ကျပ်သန်း ၂၅ဝ အကုန်အကျခံဆောက်လုပ်ထားသည့် တောင်ကုတ်မြို့နယ်မှ ကျေးလက်အိမ်ယာစီမံကိန်းနေအိမ်များ ကွဲအက်ပြိုကျ

ကျပ်သန်း ၂၅ဝ အကုန်အကျခံဆောက်လုပ်ထားသည့် တောင်ကုတ်မြို့နယ်မှ ကျေးလက်အိမ်ယာစီမံကိန်းနေအိမ်များ ကွဲအက်ပြိုကျ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တာရဲကျေးရွာတွင် ဒေသခံပြည်သူများအတွက် ကျပ်သန်းပေါင်း ၂၅ဝ အကုန်အကျခံ တည်ဆောက်ထားသည့် ကျေးလက်အိမ်ယာစီမံကိန်းနေအိမ်များမှာ တစ်နှစ်တောင်မခံဘဲ ကွဲအက်ပြိုကျနေသဖြင့် လူများနေထိုင်ရန် အခက်အခဲများကျရောက် ဖြစ်ပေါ်လျက်ရှိနေကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။

တောင်ကုတ်မြို့နယ် တာရဲကျေးရွာတွင် မြစ်ရေတိုက်စားပြီး မြစ်ကမ်းများပြိုကျကာ နေအိမ်ခြံ မြေများ ပျက်စီးလာ၍ တာရဲ ကျေးရွာ ဒေသခံများ၏ တောင်းဆိုချက်အရ ၎င်းကျေးရွာ၏ ၃ မိုင်ခန့်အကွာ၊ အရှေ့မြောက်ထောင့်အရပ်၌ ယခင်ဘဏ္ဍာရေးနှစ်မှ စတင်ကာ ပြည်နယ်အစိုးရ ရန်ပုံငွေ ကျပ်သန်း (၅ဝ)ဖြင့် အနံ ပေ(၃ဝ)၊ အလျား(၄၅)ပေရှိသည့် အိမ်ယာမြေကွက် (၁ဝဝ)ကို ဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ယခုနှစ်ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရရန်ပုံငွေ ကျပ်သန်း ၂ဝဝ ဖြင့် အနံ(၁၈)ပေ၊ အလျား(၂၄)ပေ၊ အမြင့်(၉)ပေရှိသည့် အိမ်အလုံး (၄ဝ)ကို Royal Golden Key ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယခုအခါ အဆိုပါ အိမ်အလုံး ၄၀ ထဲမှ တစ်ချို့ အဆောက်အဦးများ၏ နံရံများ၊ အောက်ခြေ အုတ်မြစ် ဖောင်ဒေရှင်းများမှာ ကွဲအက် ပြိုကျလာကြောင်း သိရှိရသည်။

" ယခုလအစောပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းတဲ့ အတွက် ပြိုကျလာခြင်းဖြစ်ပါတယ်။ အောက်ခံမြေသားက ခိုင်မာမှုမရှိတဲ့အတွက် ဆောက်လုပ်ပြီးထားတဲ့နေအိမ်တချို့နဲ့ ဆောက်လုပ်ဆဲနေအိမ်တချို့ ပြိုကျနေတာပါ "ဟု အဆိုပါကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါနေအိမ်များတွင် ကမ်းပြို၍ပြောင်းရွှေ့လာသည့်ဒေသခံ တချို့နေထိုင် နေကြပြီဖြစ်သော်လည်း ယခုကဲ့သို့နေအိမ်များပြိုကျလာနေ၍ အခက်အခဲဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

အဆိုပါ ကျေးရွာအတွက် အိမ်အလုံးရေ ၂ဝဝ အထိ တိုးချဲ့တည်ဆောက်သွားရန် အစီအစဉ်ရှိပြီး အိမ်များကိုအရည်အသွေးပြည့်မှီအောင် တည်ဆောက်ရန်လိုအပ်ကြောင်း ဒေသခံများက ပြောဆိုသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...