ရခိုင်က စစ်ဘေးရှောင်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် Scholar Institute မှ ကူညီမည်

ရခိုင်က စစ်ဘေးရှောင်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် Scholar Institute မှ ကူညီမည်

ရခိုင်ရှိ မြို့နယ်သုံးခုမှ စစ်ဘေးရှောင်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် စစ်တွေအခြေစိုက် NGO တစ်ခုဖြစ်သော Scholar Institute မှဦးစီးကာ အသေးစားစီးပွားရေးလုပ်ငန်းများအား ငွေကြေးနှင့် နည်းပညာသင်တန်းများပို့ချပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

ထိုအစီအစဉ်တွင် ရခိုင်ရှိ အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းများတွင် စစ်ဘေးရှောင်စခန်းမှ လူငယ်တို့ကို မိမိဝါသနာပါရာလုပ်ငန်းတို့တွင် ဝင်ရောက်လုပ်ကိုင်စေကာ ကျွမ်းကျင်တတ်မြောက်ပါက မိမိတို့ ရပ်တည်နိုင်ရေး စသည်တို့နှင့်ပတ်သက်သည့် သက်မွေးပညာသင်တန်းများကို သင်ကြားပို့ချသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အသက်မွေးပညာသင်တန်းကို စစ်ဘေးရှောင်စခန်းမှ အသက်(၁၈)နှစ်မှ (၃၅)နှစ်ကြား အမျိုးသား၊အမျိုးသမီး လူငယ်များနှင့် အသက်(၃၅)နှစ်အထက် အမျိုးသမီးကြီးများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးနှင့် အသေးစား၊ အလတ်စားသင်တန်း စီးပွားရေးလုပ်ငန်းများ ပြန်လည်အဆင်ပြေလာစေရေးအတွက် ရည်ရွယ်ကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း Scholar Institute မှ စီမံကိန်းဒါရိုတ်တာ ကိုလွမ်းပိုင်က DMG သို့ပြောသည်။

“သင်တန်းအမျိုးအစားတွေတော့ အတိအကျမသိရသေးဘူး။ အမျိုးအစား (၆)ခုကိုရွေးချယ်သွားမှာပါ။ သမရိုးကျ သင်တန်းဆရာတွေနဲ့ စာသင်ခန်းမှာပေးမှာမဟုတ်ဘူး။ အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေကို ငွေကြေးထောက်ပံ့ပေးပြီး ရက်တိုသင်တန်းပေးမယ်။ အဲဒီစီးပွားရေးလုပ်ငန်းရှင်တွေက သင်တန်းဆရာအဖြစ်နဲ့ စစ်ဘေးရှောင်စခန်းကသူတွေကို ပြန်သင်ကြားပေးမယ်”ဟု ကိုလွမ်းပိုင်ကပြောသည်။

လက်ရှိတွင် ထိုသင်တန်းစတင်မည့်နေ့ရက်ကို အတိအကျမသတ်မှတ်ရသေးသော်လည်း စီမံကိန်းအရ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့နှင့် ရသေ့တောင်မြို့များရှိ စစ်ဘေးရှောင်စခန်းတို့တွင် သင်ကြားပေးနိုင်ရန် စီစဉ်လျက်ရှိကာ သင်တန်းကာလမှာ (၂)လကြာမြင့်နိုင်ကြောင်းလည်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး စီမံကိန်းမိတ်ဆက်ပွဲကို ယနေ့မတ်လ(၃၀)ရက်နေ့တွင် Scholar Institute မှ တာဝန်ရှိသူတို့၊ အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် စစ်ဘေးရှောင်စခန်းအချို့မှ တာဝန်ရှိသူတို့က စစ်တွေဟိုတယ်၌တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယခုကဲ့သို့ သင်တန်းပို့ချပေးရန်ဆောင်ရွက်နေမှုများမှာ ကောင်းမွန်သောလုပ်ရပ်ဖြစ်ပြီး ထိုသင်တန်းများမှ အထောက်အပံ့များ၊ လုပ်ငန်းအခွင့်အလမ်းများဖြစ်စေ ရရှိရန်မျှော်လင့်ကြောင်းလည်း ယနေ့ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် စစ်ဘေးရှောင်တို့ကဆိုကြသည်။

စစ်တွေမြို့၊ ဆည်ကြီးဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင်စခန်း တာဝန်ခံ ဒေါ်မခင်သိန်းက “ကယ်ဆယ်ရေး စခန်းကသူတစ်ယောက်အနေနဲ့ လူကယ်ပြန်ကလည်း ဆန်အထောက်အပံ့မရတော့ဘူးဆိုတော့ ကယ်ဆယ်ရေးကသူတွေက အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်။ အထောက်အပံ့လေးတွေ လိုချင်တယ်။ လူကြီးပိုင်းအလုပ်အကိုင်လေးတွေပါရင် တန်ရာတန်ကြေးလေးနဲ့လုပ်ချင်တယ်။ စခန်းကလူတွေ အလုပ်အကိုင်လေးတွေ အတည်တကျရစေချင်တယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား အပစ်ခတ်ရပ်ထားသည့်ကာလအတွင်း နေရပ်ပြန်သည့်စစ်ဘေးရှောင်များရှိနေသော်လည်း အချို့ စစ်ဘေးရှောင်တို့မှာ အကြောင်းအမျိုးမျိုးကြောင့် အိမ်မပြန်နိုင်သေးပဲ စစ်ဘေးရှောင်စခန်းအသီးသီး၌ ရှိနေဆဲဖြစ်သည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...