ရခိုင်က စစ်ဘေးရှောင်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် Scholar Institute မှ ကူညီမည်

ရခိုင်က စစ်ဘေးရှောင်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် Scholar Institute မှ ကူညီမည်

ရခိုင်ရှိ မြို့နယ်သုံးခုမှ စစ်ဘေးရှောင်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် စစ်တွေအခြေစိုက် NGO တစ်ခုဖြစ်သော Scholar Institute မှဦးစီးကာ အသေးစားစီးပွားရေးလုပ်ငန်းများအား ငွေကြေးနှင့် နည်းပညာသင်တန်းများပို့ချပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

ထိုအစီအစဉ်တွင် ရခိုင်ရှိ အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းများတွင် စစ်ဘေးရှောင်စခန်းမှ လူငယ်တို့ကို မိမိဝါသနာပါရာလုပ်ငန်းတို့တွင် ဝင်ရောက်လုပ်ကိုင်စေကာ ကျွမ်းကျင်တတ်မြောက်ပါက မိမိတို့ ရပ်တည်နိုင်ရေး စသည်တို့နှင့်ပတ်သက်သည့် သက်မွေးပညာသင်တန်းများကို သင်ကြားပို့ချသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အသက်မွေးပညာသင်တန်းကို စစ်ဘေးရှောင်စခန်းမှ အသက်(၁၈)နှစ်မှ (၃၅)နှစ်ကြား အမျိုးသား၊အမျိုးသမီး လူငယ်များနှင့် အသက်(၃၅)နှစ်အထက် အမျိုးသမီးကြီးများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးနှင့် အသေးစား၊ အလတ်စားသင်တန်း စီးပွားရေးလုပ်ငန်းများ ပြန်လည်အဆင်ပြေလာစေရေးအတွက် ရည်ရွယ်ကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း Scholar Institute မှ စီမံကိန်းဒါရိုတ်တာ ကိုလွမ်းပိုင်က DMG သို့ပြောသည်။

“သင်တန်းအမျိုးအစားတွေတော့ အတိအကျမသိရသေးဘူး။ အမျိုးအစား (၆)ခုကိုရွေးချယ်သွားမှာပါ။ သမရိုးကျ သင်တန်းဆရာတွေနဲ့ စာသင်ခန်းမှာပေးမှာမဟုတ်ဘူး။ အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေကို ငွေကြေးထောက်ပံ့ပေးပြီး ရက်တိုသင်တန်းပေးမယ်။ အဲဒီစီးပွားရေးလုပ်ငန်းရှင်တွေက သင်တန်းဆရာအဖြစ်နဲ့ စစ်ဘေးရှောင်စခန်းကသူတွေကို ပြန်သင်ကြားပေးမယ်”ဟု ကိုလွမ်းပိုင်ကပြောသည်။

လက်ရှိတွင် ထိုသင်တန်းစတင်မည့်နေ့ရက်ကို အတိအကျမသတ်မှတ်ရသေးသော်လည်း စီမံကိန်းအရ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့နှင့် ရသေ့တောင်မြို့များရှိ စစ်ဘေးရှောင်စခန်းတို့တွင် သင်ကြားပေးနိုင်ရန် စီစဉ်လျက်ရှိကာ သင်တန်းကာလမှာ (၂)လကြာမြင့်နိုင်ကြောင်းလည်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး စီမံကိန်းမိတ်ဆက်ပွဲကို ယနေ့မတ်လ(၃၀)ရက်နေ့တွင် Scholar Institute မှ တာဝန်ရှိသူတို့၊ အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် စစ်ဘေးရှောင်စခန်းအချို့မှ တာဝန်ရှိသူတို့က စစ်တွေဟိုတယ်၌တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယခုကဲ့သို့ သင်တန်းပို့ချပေးရန်ဆောင်ရွက်နေမှုများမှာ ကောင်းမွန်သောလုပ်ရပ်ဖြစ်ပြီး ထိုသင်တန်းများမှ အထောက်အပံ့များ၊ လုပ်ငန်းအခွင့်အလမ်းများဖြစ်စေ ရရှိရန်မျှော်လင့်ကြောင်းလည်း ယနေ့ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် စစ်ဘေးရှောင်တို့ကဆိုကြသည်။

စစ်တွေမြို့၊ ဆည်ကြီးဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင်စခန်း တာဝန်ခံ ဒေါ်မခင်သိန်းက “ကယ်ဆယ်ရေး စခန်းကသူတစ်ယောက်အနေနဲ့ လူကယ်ပြန်ကလည်း ဆန်အထောက်အပံ့မရတော့ဘူးဆိုတော့ ကယ်ဆယ်ရေးကသူတွေက အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်။ အထောက်အပံ့လေးတွေ လိုချင်တယ်။ လူကြီးပိုင်းအလုပ်အကိုင်လေးတွေပါရင် တန်ရာတန်ကြေးလေးနဲ့လုပ်ချင်တယ်။ စခန်းကလူတွေ အလုပ်အကိုင်လေးတွေ အတည်တကျရစေချင်တယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား အပစ်ခတ်ရပ်ထားသည့်ကာလအတွင်း နေရပ်ပြန်သည့်စစ်ဘေးရှောင်များရှိနေသော်လည်း အချို့ စစ်ဘေးရှောင်တို့မှာ အကြောင်းအမျိုးမျိုးကြောင့် အိမ်မပြန်နိုင်သေးပဲ စစ်ဘေးရှောင်စခန်းအသီးသီး၌ ရှိနေဆဲဖြစ်သည်။

Most read this week

ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...
August 6, 2026
ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည့် ရခိုင်ပြည်အတွင်းရှိ မြို့နယ်များတွင် အွန်လိုင်းမှတစ်ဆင့် ငွေကြေး...
(CINCDS) မတ်လ ၁၃ ရက်နေ့က တွေ့ရသည့် မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်များ
August 5, 2026
ရခိုင်ပြည်နှင့် နယ်စပ်ဒေသ မြေပြင်တိုက်ပွဲများတွင် အကျအဆုံးများပြားနေသည့် စစ်တပ်သည် ရခိုင်ဒေသဘက်...