မြေပြင်တိုက်ပွဲတွင် အထိနာနေသည့် စစ်တပ် ရခိုင်ကို လေကြောင်းဖြင့် ဗုံးကြဲနေ

မြေပြင်တိုက်ပွဲတွင် အထိနာနေသည့် စစ်တပ် ရခိုင်ကို လေကြောင်းဖြင့် ဗုံးကြဲနေ
(CINCDS) မတ်လ ၁၃ ရက်နေ့က တွေ့ရသည့် မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်များ
(CINCDS) မတ်လ ၁၃ ရက်နေ့က တွေ့ရသည့် မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်များ

ရခိုင်ပြည်နှင့် နယ်စပ်ဒေသ မြေပြင်တိုက်ပွဲများတွင် အကျအဆုံးများပြားနေသည့် စစ်တပ်သည် ရခိုင်ဒေသဘက် သို့ လေကြောင်းမှတစ်ဆင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန် ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်သည် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းတို့ အပါအဝင် ရခိုင်ပြည်နယ်နှင့် နယ်မြေထိစပ်နေသည့် နေရာများကို အင်အားအလုံးအရင်းဖြင့် ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

AA က “ရခိုင်ပြည်သို့ မြေပြင်မှာ ထိုးစစ်ဆင်ပြီး ထိုးဖောက်ရန်ကြိုးစားနေသော စစ်တပ်က အကျအဆုံးများ ကာ အသာစီးမရသောကြောင့် ၎င်းတို့၏ အားသာချက်ဖြစ်သော လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်ပြီး အားပြုတိုက်ခိုက်နေ” ဟု ဆိုသည်။

ထို့အတူ ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ည ၉ နာရီကျော်အချိန်ကလည်း မြောက်ဦးမြို့ရှိ စစ်တပ်၏ တပ်ရင်း ဟောင်း (၅၄၀) နှင့် အမှတ် (၃၁) ရဲတပ်ရင်းဟောင်းအနီးသို့ ဂျက်ဖိုက်တာများနှင့် Y-12 လေယာဉ်များကို အသုံးပြုကာ ဗုံးအလုံးရေ ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သေူသည်။

အသက် ၂၅ နှစ်အရွယ် မြောက်ဦးဒေသခံ အမျိုးသားတစ်ဦးက “ဂျက်ဖိုက်တာကတော့ ၃ စီးလောက်ရှိမယ် ထင်ပါတယ်။ ဗုံးအလုံးအရေအတွက်က ၁၀ ကျော် ကြဲချခဲ့ပါတယ်။ ခဏနေပြီးရင် Y-12 ရောက်လာပြီး ဗုံးအလုံးအရေ ထပ်ပြီး ၂၀ ကျော် ကြဲချပါတယ်။ ဒေသခံတွေတော့ စိုးရိမ်မှုအများအပြား ရှိခဲ့ကြပါတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် အာရက္ခတပ်တော် ထိန်းချုပ်ရာ နေရာဒေသများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေခြင်းကြောင့် ဒေသခံပြည်သူများမှာ စိုးရိမ်ပူပန်လျက်ရှိသည်။

စစ်တပ်သည် ကျောက်တော်၊ မြောက်ဦး၊ သံတွဲ၊ ဂွ၊ ကျိန္တလီ၊ ဝီရဌာနီ (ပေါက်တော)၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့ အစပ်နေရာများကို တစ်ပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်း ဖြစ်သည်။

ထို့ပြင် အရပ်သားများ နေထိုင်ရာ မြို့၊ ရွာ၊ ဆေးရုံ၊ စာသင်ကျောင်းများနှင့် သာသနိကအဆောက်အအုံများကို လေကြောင်းမှ နေ့ညအချိန်မရွေး ဗုံးကြဲတိုက်ခိုက်ခြင်းအပြင် ပင်လယ်ပြင်၌ တပ်စွဲထားသော စစ်သင်္ဘောများ ပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကိုပါ ဆက်တိုက်လုပ်ဆောင်နေကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

DMG သတင်းဌာနက ကောက်ယူထားသည့် စာရင်းများအရ ပြီးခဲ့သည့် ဇူလိုင်လအတွင်း လေကြောင်း တိုက် ခိုက်မှုများကြောင့် ရခိုင်ပြည်အတွင်း ပြည်သူ ၂၂ ဦး သေဆုံးကာ ၆၆ ဦး ဒဏ်ရာရရှိခဲ့သည်။

Most read this week

August 4, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော အမှတ် (၉) ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ...
စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
August 3, 2026
ဝိုင်းပတ်ပိတ်ဆို့ ခံထားရသည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်း အနီးတစ်ဝိုက်...
August 3, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ...
ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...