မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်ရှိ ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနဲ့ ဘီးလင်းမြို့မရဲစခန်းဟာ မတ်လ ၂၈ ရက်နေ့ နေ့လယ်ပိုင်းမှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် ထွေအုပ်ရုံး ဝန်ထမ်း တစ်ဦး ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်း ၄ ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် တချို့ ထိခိုက်ဒဏ်ရရှိခဲ့ပြီး အဆောက်အဦး တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့တွေ အပါအဝင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကိုတော့ ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပါတယ်။
ဘီးလင်းမြို့နယ် ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘီးလင်းမြို့ပေါ် ရပ်ကွက်တချို့မှာ ပိတ်ဆို့ ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။







