ဟားခါးမြို့နယ် သီနမ်းကျေးရွာက လူနေအိမ် ၉ လုံးကို စစ်ကောင်စီက မီးရှို့

ဟားခါးမြို့နယ် သီနမ်းကျေးရွာက လူနေအိမ် ၉ လုံးကို စစ်ကောင်စီက မီးရှို့

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဟားခါး- ဂန့်ဂေါ်ကားလမ်းမပေါ်တွင်ရှိသော သီနမ်းကျေးရွာမှ လူနေအိမ် ၇ လုံး နှင့် ပြည်သူပိုင်အဆောက်အဦး ၂ လုံး စုစုပေါင်း ၉ လုံးကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ မတ်လ ၂၈ ရက် မနက်ပိုင်း ၁၀ နာရီခန့်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

“ဒီနေ့တနင်္လာမှာ သူတို့ လမ်းသုတ်ဘက်ဆင်းတာနဲ့ သူတို့ဆင်းခါနီးမှာပဲ ကျနော်တို့ရွာကို မီးရှို့တာအိမ်ခြေ ၉ အိမ်လောင်သွားတယ်၊ ၇ အိမ်က လူထုအိမ် ၂ အိမ်က ကျနော်တို့ရွာပိုင်အိမ် အစည်းအဝေးလုပ်ဖို့ ဆောက်ထား တဲ့ဟာ” ဟု သီနမ်းကျေးရွာဒေသခံတစ်ဦးကပြောသည်။

အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၂၆ ရက်နေ့က သီနမ်းကျေးရွာသို့ဝင်ရောက်လာပြီး နှစ်ခြင်းဘုရားကျောင်းနှင့် ယုံကြည်သူများအသင်းတော်ဘုရားကျောင်းတွင် ၂ အိပ်ကြပြီးနောက် ယနေ့မတ်လ ၂၈ ရက်နေ့တွင် လာမ်သုတ်ကျေးရွာဘက်သို့ ပြန်လည်ထွက်ခါနီးတွင် လူနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ဟားခါးမြို့မှ ၃၆ မိုင်ခန့်ဝေးသော သီနမ်းကျေးရွာသည် အိမ်ခြေ ၁၀၅ အိမ်ရှိပြီး လူဦးရေ ၇၀၀ ဝန်းကျင်ခန့်နေ ထိုင်ကြသည်။ ၎င်းတို့ကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့များ မဝင်ရောက်ခင်ကတည်းက သတင်းရရှိကြသည့် အတွက် တရွာလုံးတောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သီနမ်းဒေသခံကပြောသည်။

“တောထဲမှာ ပုန်းကျတာ တဲတွေဆောက်တာနဲ့ တစ်နေရာထဲမနေကြဘူး ၆ ဖွဲ့လောက်ရှိတယ် ချောင်းဘက်မှာ နေတဲ့သူရှိတယ်၊ ကြာပြီတစ်ပတ်လောက်ဖြစ်သွားပြီ သူတို့အခြေအနေဘယ်လိုဖြစ်မလဲဆိုတာမသိသေးတော့ လူငယ်တွေကလည်း မပြန်နဲ့ဦး ဒီမှာပဲနေကြပါဦးဆိုပြီး ကျနော်တို့တောထဲမှာပဲ လူနာတွေလည်းရှိတယ် လူနာ က ၅ ယောက်လောက်ရှိတယ် အခြေနေဆိုးတဲ့သူတွေလည်းရှိတယ် ဒါပေမယ့်ရွာကိုမပြန်ရဲဘဲနဲ့ ဒီလိုပဲနေနေ ကြတာ’’ ဟု ၎င်းကပြောသည်။

အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၁၇ ရက်နေ့ကတည်းက ဟားခါး-ဂန့်ဂေါလမ်းဘက် သို့ စစ်ကြောင်းချီလာပြီး ဒီရက်ပိ်ုင်းအတွင်း ဇိုခွါ၊ ရွာဗန်းကျေးရွာဘက်တွင် ချင်းအမျိုးသားတပ်မတော် CNA, CDF-Hakha တပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟု သိရသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့် ဟားခါး-ဂန့်ဂေါလမ်းမပေါ်ရှိ နီပီး၊ ဇိုခွါး၊ ရွာဗန်၊ သီနမ်း၊ မာလ်ဆောမ်စသည့် ကျေးရွာမှ ဒေသခံပြည်သူများသည် အိုးအိမ်စွန့်ခွါကာ တောထဲသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရ သည်။ a

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...