ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခုတ်ခွားကျေးရွာ မူလတန်းကျောင်းမှ ငြိမ်းချမ်းစွာအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဝင်ထားသူ ကျောင်းဆရာတစ်ဦးအား စစ်ကောင်စီ၏ အကျဉ်းထောင်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၇ နှစ်အထိ နှစ်ရှည်ပြစ်ဒဏ်များ ချမှတ်သွားခဲ့ကြောင်း သိရသည်။
ခုတ်ခွားကျေးရွာ မူလတန်းကျောင်းတွင် စာသင်ကြားသည့် ကြာအင်းဆိပ်ကြီးမြို့တွင် နေထိုင်သူ ကျောင်းဆရာ မောင်ဟိန်းထက်အောင်အား စစ်ကောင်စီက ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုပြီးနောက် ၎င်းအား ဖားအံတောင်ကလေး အကျဉ်းထောင်တရားရုံးတွင် ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်ကြောင်း သူ၏အသိမိတ် ဆွေများထံမှ သိရသည်။
“သူ့မှာဘာအကြမ်းဖက်မှုပစ္စည်းတွေ မတွေ့ပဲနဲ့ အမှုက မတရားချခံရတယ်။ တရားရုံးမှာတော့ သူတို့မှာ အပြစ်မရှိဘူးလို့ ပြောတယ်။ ဖားအံအကျဉ်းထောင်မှာ တစ်ခန်းကို လူ ၄ဝ အထိထားတော့ နေထိုင်ရမပြေဘူးပေါ့နော်။ စားစရာတွေပို့လည်း သူတို့ဆီမရောက်ဘူးပြောတယ်။” ဟု ကျောင်းဆရာမောင်ဟိန်းထက်အောင်နှင့် နီးစပ်သည့် အသိမိတ်ဆွေတစ်ဦးက မတ်လ ၁၃ ရက်နေ့တွင် ကေအိုင်စီသို့ပြောသည်။
မောင်ဟိန်းထက်အောင်နှင့်အတူ ဖမ်းဆီးခံရသည့် ကျောင်းဆရာ၊ ကျောင်းသားများကိုလည်း နှစ်ရှည်ထောင်ဒဏ်များ အသီးသီးချမှတ်ခံရကာ ၎င်းတို့က တရားရုံးသို့ ထောင်ကားဖြင့် လာရောက်စဉ်မှာလည်း ထောင်ဝတ်စုံဝတ်ဆင်ရန် ငြင်းဆန်ခဲ့ကြပြီး ကျောင်းစိမ်းဝတ်စုံများဖြင့် ဝတ်ဆင်ခွင့်ပေးရန် တောင်းဆိုခဲ့ကြသည့်အပြင် တရားရုံးတွင် မိမိတို့မှာ အပြစ်မရှိကြောင်း လက်သုံးချောင်းထောင်ပြပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သွားခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။
CDM ဝင်ထားသူ ကျောင်းဆရာမတစ်ဦးက “ သူ့မှာ ဘာမှအပြစ်မရှိဘူး။ စစ်ကောင်စီက မတရားဖမ်းဆီးပြစ်ဒဏ်ချတာပါ။ မြေဖြူကိုင်တဲ့လက်တစ်စုံကို နှစ်ရှည်ထောင်ဒဏ်ချတာ တရားဥပဒေမရှိတာကို ပြတာပါပဲ။ စားဝတ်နေရေးခက်ခဲကြတဲ့ ဝန်ထမ်းအချင်းချင်း ကူညီပေးတာပဲရှိတယ်။ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြတယ်။ ဒါကို မတရားပုဒ်မတပ်စွဲပြီး ပြစ်ဒဏ်ချတာတော့ လုံးဝလက်မခံဘူး။ အဆုံးထိ ရင်ဆိုင်သွားကြမယ်”ဟု ကေအိုင်စီသို့ပြောသည်။
ကျောင်းဆရာမောင်ဟိန်းထက်အောင်အား ဥပဒေပုဒ်မ ၅၀၅(က) နိုင်ငံတော်အကြည်အညိုပျက်စေမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၂(က)နှင့် ၅ဝ(ဈ) ဖြင့် စုစုပေါင်း ပုဒ်မ ၃ ခုအတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၇ နှစ် သီးခြားစီ ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်ဟု သူနှင့် နီးစပ်သူများက ပြောသည်။
ကရင်ပြည်နယ်တွင် စစ်အုပ်ချုပ်မှုအောက် နိုင်ငံ့တာဝန်မထမ်းဆောင်လိုကြသည့် ဌာနဆိုင်ရာမှ CDM ဝင် ဝန်ထမ်းများကို စစ် ကောင်စီက ဖမ်းဝရမ်းထုတ်ဖမ်းဆီးခြင်း၊ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်းများ ပြုလုပ်ကြသည့်အတွက် ပြည်သူ့ဝန် ထမ်းအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု CDM ဝင်ထားသူများထံမှ သိရသည်။







