နေအိမ်များဖယ်ရှားခံရသည့် စစ်တွေမှကျူးကျော်ဦးရေ ၃၀၀ ကျော် စားဝတ်နေရေးအခက်အခဲဖြစ်နေ

နေအိမ်များဖယ်ရှားခံရသည့် စစ်တွေမှကျူးကျော်ဦးရေ ၃၀၀ ကျော် စားဝတ်နေရေးအခက်အခဲဖြစ်နေ

ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိမြို့ ကျူးကျော်နေအိမ်များကို အာဏာပိုင်များက အင်အားသုံးဖယ်ရှားမှုများကြောင့် လူပေါင်း ၃၀၀ ကျော် အိုးမဲ့၊အိမ်မဲ့ဖြစ်သွားခဲ့ရကာ စားဝတ်နေရေးအခက်အခဲရှိနေသည်ဟု သိရသည်။

မတ်လ ၁၀ ရက်နေ့က စစ်တွေမြို့၊ အာဂျိတ်တော်ကုန်း သင်္ချိုင်းမြေအတွင်းနေထိုင်သည့် နေအိမ်များကိုဖယ်ရှားခဲ့သဖြင့် လူပေါင်း ၂၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ထို့ပြင် မတ်လ ၉ ရက်နေ့ကလည်း စစ်တွေမီးရထားဘူတာနှင့် စစ်တွေတက္ကသိုလ် ဘူတာကြားရှိသည့် ကျူးကျော်နေအိမ်များကိုလည်း ဖယ်ရှားခဲ့သဖြင့် လူပေါင်း ၁၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရသည်။

လက်ရှိတွင် အာဂျိတ်တော်ကုန်းသင်္ချိုင်းမြေအတွင်းတွင် နေထိုင်ခဲ့သူများထဲမှ အများစုမှာ စက်ရုံစုရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင်ခိုလှုံနေကာ အချို့မှာလည်း ဖြိုဖျက်ခံရသည့်နေရာများတွင်လည်း တဲထိုးနေထိုင်ချက်ရှိကြသည်။ အလားတူ စစ်တွေမီးရထားလမ်းဘူတာအနီးတွင် နေထိုင်သူများမှာလည်း ယင်းဘူတာအနီးတွင် တဲအိမ်များပြန်လည်ဆောက်လုပ်ကာ နေထိုင်နေကြသည်။

“အန်တီတို့မှာ အိမ်ပစ္စည်းတွေဘာမှမရခဲ့ဘူး။ ကြောက်လို့ဖရိုဖရဲ ထွက်ပြေးကြတော့ ဘာမှမရခဲ့ဘူး။ ထွက်ပြေးနေတဲ့ချိန်မှာ ဒီကျောင်းကအရှင်ဘုရားက ကျောင်းမှာလာနေကြဆိုပြီး နေရာချပေးလို့ဒီမှာနေကြတယ်။ အဲနေရာမှာပဲပြန်နေချင်တယ်။ ဒါမှမဟုတ်ရင်ဘယ်ကိုသွားရမလဲ။ သွားစရာလည်းမရှိဘူး”ဟု အာဂျိတ်တော်ကုန်းတွင်နေထိုင်ခဲ့သည့် ဒေါ်စိုးစိုးကပြောသည်။

ဒေါ်စိုးစိုးသည် တခြားသူများကဲ့သို့ လက်ရှိတွင် စက်ရုံစုရပ်ကွက်ရှိ သီရိဝေလာကျောင်းတွင် ခိုလှုံနေသည်။ အဆိုပါကျောင်းတွင် တာလာပတ်ချာများမိုးကာနေထိုင်နေကြရပြီး တခြားမည်သည့်နေရာတွင် နေထိုင်ရမှန်းမသိဖြစ်နေသည်ဟု ဆိုကြသည်။  

အလားတူ စစ်တွေဘူတာနှင့် စစ်တွေတက္ကသိုလ်ဘူတာကြားတွင်နေထိုင်ကြသူများမှာလည်း အိမ်ခြေမဲ့ဖြစ်ကာ တောင်းရမ်းစားသောက်နေရသည်ဟု ကိုညီညီကဆိုသည်။ ၄င်းသည် ပြည်နယ်တွင်း စစ်ရေးတင်းမာခဲ့စဉ်ကာလက ကျောက်တော်မြို့နယ်၊ ကျောက်ဖြူကျေးရွာမှ စစ်ဘေးရှောင်တိမ်းလာသူတစ်ဦးဖြစ်သည်။

“ဒီရထားဘူတာနားမှာပဲ တဲထိုးပြီးနေရတယ်။ မတတ်နိုင်တဲ့လူတွေမှာ ရှာဖွေစားကြရတယ်။ ကူညီမယ့်လူလည်းမရှိ၊ ကယ်မယ့်လူလည်းမရှိ။ ဒီလိုပဲရှာဖွေစားသောက်နေကြရတာပေါ့။ လူတွေဆီက တောင်းစားရတာပေါ့။ ပိုက်ဆံလည်းမရှိ၊ ငွေရေးကြေးရေးလည်းမရှိတော့ ဘယ်ကိုပြောင်းရမလဲ။ ရွာပြန်မယ်ဆိုရင်လည်း ထပ်ပြီးစစ်ဖြစ်မှာကိုကြောက်နေရတယ်”ဟု ကိုညီညီကပြောသည်။

အဆိုပါနေအိမ်များကို ကျူးကျော်ဟုခေါင်းစဉ်တပ်ကာ အင်အားသုံးဖယ်ရှားခဲ့မှုများကြောင့် ပြည်သူများကြား စစ်ကောင်စီကိုဝေဖန်မှုများထွက်ပေါ်နေပြီး ၄င်းတို့ကို သင့်လျော်သည့်မြေနေရာများတွင် နေရာချပေးသင့်ကြောင်းလည်း အကြံပြုပြောဆိုမှုများရှိနေသည်။ သို့သော်လည်း ပြည်နယ်စစ်ကောင်စီအနေဖြင့် နေအိမ်ဖယ်ရှားခံရသူများကို မည်သို့မည်ပုံဆက်လုပ်သွားမည်ဆိုသည်ကို တရားဝင်ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

August 6, 2026
ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည့် ရခိုင်ပြည်အတွင်းရှိ မြို့နယ်များတွင် အွန်လိုင်းမှတစ်ဆင့် ငွေကြေး...
(CINCDS) မတ်လ ၁၃ ရက်နေ့က တွေ့ရသည့် မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်များ
August 5, 2026
ရခိုင်ပြည်နှင့် နယ်စပ်ဒေသ မြေပြင်တိုက်ပွဲများတွင် အကျအဆုံးများပြားနေသည့် စစ်တပ်သည် ရခိုင်ဒေသဘက်...
August 4, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော အမှတ် (၉) ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ...
စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
August 3, 2026
ဝိုင်းပတ်ပိတ်ဆို့ ခံထားရသည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်း အနီးတစ်ဝိုက်...