KNU နှင့် နိပွန်ဖောင်ဒေးရှင်း ဥက္ကဌများတွေ့ဆုံမှု နိုင်ငံရေးကိစ္စ ဆွေးနွေးခြင်းမဟုတ်

KNU နှင့် နိပွန်ဖောင်ဒေးရှင်း ဥက္ကဌများတွေ့ဆုံမှု နိုင်ငံရေးကိစ္စ ဆွေးနွေးခြင်းမဟုတ်

KNU-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် နိပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာဆာဆာကာဝါတို့ ယနေ့ မေလ ၁၀ရက်နေ့ နံနက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ တွေ့ဆုံမှုသည် နိုင်ငံရေးကိစ္စအတွက် တွေ့ဆုံဆွေးနွေးခြင်းမဟုတ်ကြောင်း KNU-နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးက ပြောသည်။

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ကာကွယ်ရေးဌာန တာဝန်ခံ ပဒိုစောရောဂျာခင်တို့က မစ္စတာဆာ ဆာကာဝါနှင့်တွေ့ဆုံမှုမှာ လေးကော်မြို့သစ်ကိစ္စ တွေ့ဆုံခြင်းသာဖြစ်ပြီး နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်မပါဝင်ကြောင်း ပဒိုစောတောနီးက ယခုလို ပြောသည်။

၎င်းက “လေးကေကော်မြို့သစ်တည်ဆောက်တုန်းက နီပွန်ဖောင်ဒေရှင်းက ကူညီပေးတာတွေရှိခဲ့တယ်ဆိုတော့ အဲဒီကိစ္စကို ဥက္ကဋ္ဌကသွားပြီးတွေ့ဆုံတာ ဖြစ်ရင်လည်းဖြစ်နိုင်တယ်။ ကျနော်တို့အဖွဲ့အစည်းကိစ္စတွေနဲ့တော့ ပြောဖို့အစီအစဉ် ဘာမှမရှိဘူး။ ငြိမ်းချမ်းရေးကိစ္စအတွက် စစ်ကောင်စီဘက်က သူတို့နဲ့တွေ့ဆုံဆွေးနွေးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက လုပ်နေတာ။ ကျနော်တို့ KNU ကတော့ လက်ရှိနိုင်ငံရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ မလုပ်ဘူး။ အဲဒီကိစ္စကို လစ်လျူရှုထားတာကြာပြီး။”ဟု ပဒိုစောတောနီးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အဆိုပါတွေ့ဆုံမှုတွင် ဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ် ကိုမူလည်း မသိရှိရသေးကြောင်း ပဒိုစောတောနီးက ဆက်ပြောသည်။

ဂျပန်အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါသည် ယနေ့ နံနက် ၉နာရီခွဲတွင် KNU ဥက္ကဌ စောမူတူးစေးဖိုးနှင့် တွေ့ဆုံပြီးနောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ဥက္ကဋ္ဌ ခူးဦးရယ် ဦးဆောင်သည့် ကိုယ်စားလှယ်အ ဖွဲ့အား တွေ့ဆုံခဲ့သလို မွန်းလွဲပိုင်းတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက် ဆစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

၎င်းနောက် NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၁၀)ဖွဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံရန်ရှိသည်ဟု ကနဦး ထွက်ပေါ်လာသည့် သတင်းအရ သိရသည်။

မစ္စတာဆာဆာကာဝါနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ယခုတွေ့ဆုံဆွေးနွေးခြင်းသည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ် ထားချက်နှင့် ဆက်စပ်မှုရှိနိုင်သည်ဟု တိုင်းရင်းသားနိုင်ငံရေး သုတေသီတစ်ဦးဖြစ်သူ နိုင်ဗညားမွန်က သုံးသပ် သည်။

“ဘာကြောင့် တွေ့ကြလဲဆိုတာကတော့ ပြောဖို့ခက်တယ်ပေါ့နော်။ ဒါက ပုဂ္ဂိုလ်ရေးအရလည်း ဖြစ်နိုင်တယ်ပေါ့ နော်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် ဒီတွေ့ဆုံမှုက ကျနော်တို့တွေ့ရတဲ့ အာဂျင်ဒါအရ ဦးလှမောင်ရွှေတို့လို၊ ဦးအောင် နိုင်ဦးတို့လို (စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအကြံပေးများ) ပါနေတဲ့အခါကျတော့ စစ်ကောင် စီရဲ့အသံကို သယ်လာနိုင်တဲ့အနေအထားမျိုးလည်း နားလည်ရတယ်။ စစ်ကောင်စီရဲ့ ဆယ်လတာ ငြိမ်းချမ်းရေး ကြေညာထားတဲ့အပေါ်မှာ ဒီအစ်ရှူးနဲ့ဆက်စပ်တယ်လို့ ကျနော်ထင်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

နိပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာဆာဆာကာဝါသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာ ချုပ်(အဲန်စီအေ) လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင် များနှင့် ဆက်ဆံရေးကောင်းသူဖြစ်သလို တစ်ဖက်တွင် လည်း စစ်ကောင်စီနှင့် ဆက်ဆံရေးကောင်းများ ထူထောင်သူတစ်ဦးဖြစ်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတွင် အပစ်ခတ်ရပ်စဲစဉ်ကာလအတွင်း နိပွန်ဖောင်ဒေးရှင်းအနေဖြင့် ကရင်ပြည်နယ်ရှိ လေးကေကော် မြို့သစ်တည်ဆောက်သည့်အချိန်တွင် နေအိမ်အ ဆောက်အဦးနှင့် မြို့သစ်၏ ပညာရေး၊ ကျန်းမာရေး အဆောက် အဦးနှင့် သင်ထောက်ကူပစ္စည်းအချို့ ထောက်ပံ့လှူဒါန်းပေးခဲ့သည်။

သို့သော် ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့က စတင်ဖြစ်ပွားသည့် လေးကေ့ကော်ဒေသတွင်း စစ်ရေး ပဋိပက္ခကြောင့် မြို့သစ်ရပ်ကွက်အတွင်းရှိ နိပွန်ဖောင်ဒေးရှင်းလှူဒါန်းထားသည့် လူနေအိမ်အဆောက်အဦး၊ ပစ္စည်းအချို့ကို ထိခိုက်ပျက်စီးမှုနှင့် ဖျက်ဆီးခံရမှုရှိခဲ့သည်ဟု မြေပြင်သတင်းအရ သိရသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...