ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက “ လွန်ခဲ့တဲ့နှစ်က သိန်းတစ်ထောင်ကျော်ဘဲ အသုံးပြု ခဲ့ပေမယ့် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြ သူတွေကို သိန်း ၂၀၀၀ ထိ ပညာရည်ချွန်ဆုအဖြစ် ချီးမြှင့်သွားမှာ ဖြစ်ပါတယ် ” ဟု အခမ်းအနားတွင် ပြောကြားသည်။
ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက်က စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ပြုလုပ်ခဲ့ရာ ၆ ဘာသာ ဂုဏ်ထူးရှင် ကျောင်းသား တစ်ဦးစီကို ကျပ်သိန်း ၂၀ ကျပ် ၊ ၅ ဘာသာဂုဏ်ထူးရှင်း တစ်ဦးစီကို ၁၅ သိန်းကျပ်၊ ၄ ဘာသာအတွက် ၈ သိန်းကျပ်၊ ၃ ဘာသာ အတွက် ၄ သိန်းကျပ်၊ ၂ ဘာသာအတွက် ၁ သိန်းကျပ်နှင့် ၁ ဘာသာ အတွက် ၅ သောင်းကျပ် ချီးမြှင့်ခဲ့သည်ဟု သိရသည်။
“ရခိုင်ပြည်နယ်မှ ၂၀၁၇ ခုနှစ်က အောင်ချက်ရာခိုင်နှုန်း ၁၇ ရာခိုင်နှုန်းကျော်နဲ့ မြန်မာနိုင်ငံမှာ အနိမ့်ဆုံး ဖြစ်ခဲ့ပေမယ့် အောင်မြင်သူ ၆၀၀၀ ထောင်ကျော်ထဲမှာ ၆ ဘာသာ ဂုဏ်ထူးရှင် ၂၆ ယောက်၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၂၆ ယောက် အပါအဝင် ဂုဏ်ထူးရှင် ၉၁၄ ယောက်ရှိခဲ့တဲ့အတွက် ထိုက်ထိုက်တန်တန် သန့်သန့်ရှင်းရှင်းနဲ့ အောင်မြင်ခဲ့တာဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။
အစိုးရအဖွဲ့မှ ချီးမြှင့်သည့် ငွေကြေးများသည် ဆက်လက်ပညာသင်ကြားရန် အတွက် အထောက်အပံ့ဖြစ်စေသည်ဟု ၆ ဘာသာဂုဏ်ထူးရှင် ကျောင်းသူတစ်ဦးက ပြောသည်။
“သမီးတို့ ကြိုးစားခဲ့မှုအပေါ်မှာ အသိအမှတ်ပြုပြီးတော့ အခုလိုမျိုး တခမ်းတနားနဲ့ ဆုငွေကြေး များစွာနဲ့ ဆုချီးမြှင့်ပေးတဲ့ ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေကို ကျေးဇူးတင်ပါတယ်။ ဒီကျပ်သိန်း ၂၀ ဟာ သမီးတို့ ဆက်လက်ပြီး ပညာသင်ကြားဖို့ အစီအစဉ်တွေမှာလည်း အများကြီး အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်” ဟု ရခိုပြည်နယ်တွင် ပထမရရှိသည့် ၆ ဘာသာ ဂုဏ်ထူးရှင် မဖြိုးဝေခင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
မောင်တောမြို့တွင် ဘာသာစုံ ဂုဏ်ထူးထွက်သူနည်းပါးကြောင်း၊ သူမအပါအဝင် ၆ ဘာသာ ဂုဏ်ထူးထွက်သူများသည် အခြားကျောင်းများတွင် ပြောင်းပြီးမှ ဂုဏ်ထူးထွက်သူများဖြစ်ကြောင်း၊ သူမအနေဖြင့် မောင်တောမြို့တွင် ဆယ်တန်းကို ဆက်လက်သင်ကြားပြီး ၆ ဘာသာဂုဏ်ထူးထွက်အောင် ကြိုးစားချင်ခဲ့သော်လည်း ပဋိပက္ခများကြောင့် စစ်တွေအထက ၂ သို့ ပြောင်းရွှေ့သင်ကြားခဲ့ရကြောင်း၊ သူမဖြစ်ချင်သည့် ဆရာဝန်ဖြစ်ပြီးလျှင် မောင်တောမြို့အတွက် အကောင်းဆုံး ကြိုးစားပေးချင်သည်ဟု မဖြိုးဝေခင်က ဆိုသည်။
မြေပုံမြို့နယ် ကမ်းထောင့်ကြီးမြို့မှ ၆ ဘာသာ ဂုဏ်ထူးရှင် မောင်ညီညီဖြိုးကလည်း “ကျနော်က ဆေးကျောင်းတက်မှာပါ။ ကျောင်းတက်ရင် ပထမနှစ်မှာ ပိုကုန်ပါတယ်။ အစိုးရက ချီးမြှင့်လိုက်တဲ့ ကျပ်သိန်း ၂၀ ဟာ ပထမနှစ်အတွက် အထောက်အပံ့ ဖြစ်မယ်လို့ ထင်ပါတယ်”ဟု ပြောသည်။
ယနေ့ပြုလုပ်သော ဆုပေးပွဲအခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ ရခိုင်ပြည်နယ် ပညာရေးမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆုရကျောင်းသူကျောင်းသားများ၊ မိဘ အုပ်ထိန်းသူများနှင့် ကျောင်းသူကျောင်းသားများအပါအဝင် လူပေါင်း ၈၀၀ ခန့် တက်ရောက်ခဲ့ကြသည်။







