မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် တရားမျှတမှုရရှိရန် မတ်လ ၈ရက်၊ ယမန်နေ့က ကျရောက်ခဲ့သည့် အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့တွင် အမျိုးသမီးနှင့် လူ့အခွင့်အရေးအတွက် ဆောင်ရွက်လျှက်ရှိသည့်အဖွဲ့ သုံးဖွဲ့က အစီရင် ခံစာထုတ်ကာ တောင်းဆိုလိုက်သည်။
ထိုနေ့တွင် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း(HURFOM)၊ ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ(KWAT)နှင့် လူ့ အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံND-Burma တို့က “ခုခံတွန်းလှန်ခြင်း” နှင့် “စစ်အာဏာသိမ်းပြီးချိန်မှစ၍ တနှစ်အတွင်း မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ရဲစွမ်းသတ္တိကို စမ်းသပ်မှု” ပူးတွဲအစီရင်ခံစာကို ထုတ်ပြန်တောင်းဆို လိုက်ခြင်းဖြစ်သည်။
(KWAT)အဖွဲ့မှ မွန်းနေလီက “အမျိုးသမီးနဲ့ကလေးတွေကို အကြမ်းဖက်တာ ရပ်တန့်ရမယ်။ ဒါမှပဲ ရှေ့ဆက်မှာ နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှု အပါအဝင် အားလုံးလိုလားတဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုတွေ ဖယ်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းကို ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်မယ်ဆိုတဲ့ဟာ ကျမတို့ရဲ့ အခြေအနေတင်ပြတာဖြစ်တယ်။ ဒါကြောင့်မို့ ဒီအချက်က အရေးကြီးတဲ့အချက်တစ်ခုဖြစ်တယ်ဆိုတာ ကျမတို့ တောင်းဆိုတာဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြော သည်။
စစ်ပွဲအတွင်း ကလေးနှင့် အမျိုးသမီးဘဝကို အန္တရာယ်ဖြစ်စေသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများရပ်တန့်ရန်၊ ၎င်း တို့အပေါ် အကြမ်းဖက်မှုများ ယခုထက် ပိုဆိုးလာမည်ဆိုပါက နိုင်ငံအတွက်မကတော့ဘဲ လူမျိုးရေး အပါအဝင် ပြည်သူ ပြည်သားများ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာ အဟန့်အတားများဖြစ်လာနိုင်သောကြောင့် တောင်းဆိုခြင်း ဖြစ်ကြောင်းလည်း သူမက ဆက်လက်ရှင်းပြသည်။
“အာဏာသိမ်းပြီးနောက်မှာ ဘယ်လိုမျိုးပဲ ဆိုးဝါးနေတဲ့ အခြေအနေဖြစ်ပါစေ။ အမျိုးသမီးရဲ့ဦးဆောင်မှုတွေ သူတို့မှာ ခံစားရတဲ့အခြေအနေတွေ၊ ရှေ့တန်းမှာဆိုရင် အမျိုးသမီးတွေ၊ ပြီးတော့ တကယ်ရှေ့ထွက်ပြီး လမ်းပေါ်ဆန္ဒပြတဲ့ အမျိုး သမီးတွေရဲ့ ဘဝတွေက ဖမ်းဆီးခံရတာတွေမကဘဲ သူတို့ဘဝက လုံခြုံမှု မရှိတော့ဘူး။ ဒါပေမယ့် အမျိုးသမီးတွေ ဦးဆောင်ပြီးတော့ ကြိုးစားနေတဲ့အခြေအနေက ဘယ်လောက်ထိ ကြီးမားနေလဲ၊ ဘယ်လောက်ထိအရေးကြီးနေလဲ ဒါကို မီးမောင်းထိုးပြတာဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
အစီရင်ခံစာထဲတွင် အာဏာသိမ်းစစ်ကောင်စီကို ခုခံတွန်းလှန်ရာ၌ အမျိုးသမီးများက ဘက်ပေါင်းစုံ ဦးဆောင်ခဲ့သည့် အခြေအနေ၊ ဖမ်းဆီးခံရသည့် အမျိုးသမီးများ၏ အခြေအနေအပြင် တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် အရပ်သားနှင့် အမျိုးသမီးများကို ဖမ်းဆီး သတ်ဖြတ်ခံနေရသည့် အခြေအနေများကို လည်း ထည့်သွင်းဖော်ပြထားသည်။
အစီရင်ခံစာ၏ သတင်းထုတ်ပြန်ချက်တွင် အာဏာသိမ်းပြီးချိန်မှစ၍ တိုင်းပြည်တဝန်း အမျိုးသမီးခေါင်းဆောင်များ သည် ဆန္ဒပြပွဲများကို ဦးဆောင်ခြင်း၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများကို စီစဥ်ခြင်းနှင့် ထွက်ပြေးတိမ်း ရှောင်ရသည့်မိသားစုများ၊ ဒေသခံ အရပ်သား ကာကွယ်ရေးတပ်များအား ကူညီထောက်ပံ့ပေးရန် နောက်ကွယ်မှ ဆောင်ရွက်ပေးကြသည်။
ထိုမျှမက ဆရာဝန်၊ ဆေးဝန်ထမ်း၊ ရှေ့နေ၊ ကျောင်းဆရာ၊ ဘဏ်ဝန် ထမ်းများနှင့် အသက်မွေးဝမ်းကျောင်း ကျွမ်းကျင် သူမျိုးစုံအဖြစ်မှ အကြမ်းမဖက် အာဏာဖီ ဆန်ရေးလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြသဖြင့် ခြိမ်းခြောက်မှုများရှိနေသော် လည်း မြန်မာပြည်ရှိ အမျိုးသမီးများမှာ ဆက်လက်ခုခံ တွန်းလှန်နေကြဆဲ ဖြစ်သည်။
၎င်းအပြင် နိုင်ငံတကာကလည်း စစ်အာဏာရှင်နှင့် ဆက်သွယ်ဆောင်ရွက်မှုများကို ချက်ချင်းရပ်ပြီး အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ကိုယ်စားပြုဆွေးနွေးရန်၊ စစ်ကောင်စီအခွန်ဘဏ္ဍာရရှိသည့် စီးပွားရေးလုပ်ငန်းကိုလည်း ပိတ်ဆို့ရန် စသည့်အကြံပြုချက်များလည်း အစီရင်ခံစာ၌ အကြံပြုထားသည့်အပြင် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အနေ အထားအရ အာဏာသိမ်းစစ်ကောင်စီကို အရေးယူမှုများလုပ်ဆောင်နိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC)နှင့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(ASEAN)ကိုလည်း ထပ်မံ တောင်းဆိုထားသည်။
အလားတူ မြန်မာနိုင်ငံတွင် ဆိုးရွားလှသည့် ရာဇဝတ်မှုများကို တရားစွဲနိုင်ရန်အတွက် တရားစီရင်ရေးစနစ် တည် ထောင်ရေးနည်းလမ်းများ ရှာဖွေရန် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (United Nation Human Rights Council – UNHRC)ထံကို မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း(CSO) ၁၁၆ဖွဲ့က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သေးသည်။







