မော်လမြိုင်မှာ မီတာခ မပေးရင် အမှုဖွင့် တရားစွဲဆိုဖို့ စစ်ကောင်စီ ညွှန်ကြား

မော်လမြိုင်မှာ မီတာခ မပေးရင် အမှုဖွင့် တရားစွဲဆိုဖို့ စစ်ကောင်စီ ညွှန်ကြား

မော်လမြိုင်မြို့နယ်အတွင်းမှာ လျှပ်စစ်မီတာခ အကြွေးကျန် မပေးဆောင်ရင် အမှုဖွင့် တရားစွဲဆိုသွားဖို့ စစ်ကောင်စီ လက်အောက်ခံ မြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားလိုက်ပါတယ်။

စစ်ကောင်စီရဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနက ၂၀၂၀ ကနေ ၂၀၂၁ နှစ်ထိ တစ်နှစ်စာ လျှပ်စစ်မီတာခ အကြွေးကျန်တွေကို ကောက်ခံနေပြီး၊ ပထမပိုင်းအနေနဲ့ လျှပ်စစ်မီတာခ ၅ လစာကို ၇ ရက်အတွင်း ပေးဆောင်ကြဖို့ စစ်ကောင်စီခန့်မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။

လျှပ်စစ်မီတာခတွေကို ၇ ရက်အတွင်း မပေးဆောင်ရင် ဓာတ်အား ဖြတ်တောက်ဖို့နဲ့ ဓာတ်အားဖြတ်တောက်ပြီး ၁ လအတွင်း မီတာခ မပေးရင် လျှပ်စစ်မီတာ ဖြုတ်သိမ်းပြီး အမှုဖွင့်အရေးယူ ဆောင်ရွက်သွားဖို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဖေဖော်ဝါရီ နောက်ဆုံးအပတ်မှာ ညွှန်ကြားထားတာပါ။

ဒေသခံပြည်သူ တစ်ဦးက ကုန်ဈေးနှုန်းတွေ မြင့်တက်လာပြီးနောက် စားဝတ်နေရေး အခက်အခဲ ရှိနေတဲ့အချိန်မှာ မီတာခ အတင်းအဓမ္မ လိုက်လံကောက်ခံနေတာဟာ ပြည်သူတွေကို အကြပ်အတည်းထဲ ရောက်အောင် တွန်းပို့နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

“လက်ရှိမှာကတော့ စက်သုံးဆီ တွေကလည်း ဈေးတွေက မတရား မြင့်တက်နေတယ်၊ မီးကလည်း မမှန်တဲ့ အချိန်မှာ ပြည်သူတွေက အခက်အခဲပေါင်းစုံ ရင်ဆိုင်နေရ တယ်ပေါ့နော်၊ ပိုက်ဆံရှာဖို့ စီးပွားရှာဖို့ကလည်း တော်တော်ကို ခက်ခဲကြတဲ့ချိန်မှာ မီတာခကို မတရား ကောက်ခံတဲ့အတွက် ပြည်သူတွေ ပိုပြီးတော့ ဒုက္ခရောက်ပြီးတော့ ပြည်သူအကုန်လုံး ဆိုးရွားတဲ့ အခြေအနေ တစ်ခုကို ထပ်ကြုံရမယ် ဆိုရင်တော့ ဒါရေရှည် အလားအလာ မကောင်းဘူးပေါ့နော်၊ ဒီလိုပြည်သူတွေ အများကြီး အခက်အခဲပေါင်းစုံ ကြုံနေရတဲ့ အချိန်မှာ ဒီလိုမျိုး ပြည်သူတွေကို ထပ်မနှိပ်စက် ကြပါနဲ့လို့ပဲ ကျွန်တော်ပြောချင် တယ်ပေါ့နော်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပြည်သူတွေဟာ လျှပ်စစ်မီး မမှန်တာကြောင့် အခက်အခဲ မျိုးစုံရင်ဆိုင်နေရတဲ့အချိန်မှာ စစ်ကောင်စီဘက်က မီတာခတွေ ပေးဆောင်ကြဖို့ အတင်းအဓမ္မ ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လျှပ်စစ်မီးမမှန်တာကြောင့် အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ အပြင် လုပ်ငန်းကြီးတွေပါ လုပ်ငန်း လည်ပတ်ဖို့ အခက်အခဲရှိလာပြီး လုပ်ငန်းတချို့ စတင် ရပ်နားခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ကတော့ အခုကာလမှာ အိမ်သုံးလျှပ်စစ်မီတာခတွေကို အခမဲ့ ကင်းလွတ်ခွင့်ပြုထားသလို လုပ်ငန်းသုံး မီတာခတွေကိုလည်း ဆိုင်းငံ့ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...