စစ်တွေမြို့နယ်မှ ရထားလမ်းဧရိယာအတွင်း ကျူးကျော်နေထိုင်သူများကို စတင်ဖယ်ရှား

စစ်တွေမြို့နယ်မှ ရထားလမ်းဧရိယာအတွင်း ကျူးကျော်နေထိုင်သူများကို စတင်ဖယ်ရှား

မြန်မာ့မီးရထားတိုင်းအမှတ်(၇)၊ တိုင်းခွဲ၊ စစ်တွေ၏ စစ်တွေဘူတာနှင့် စစ်တွေတက္ကသိုလ်ဘူတာအကြားရှိ ကျူးကျော်များကို ယနေ့ (မတ်လ ၉ရက်နေ့) နံနက် ၈ နာရီခန့်က စတင်ဖယ်ရှားခဲ့ကြသည်။

ထိုသို့ဖယ်ရှားရာတွင် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများပါဝင်ပြီး စုစုပေါင်းအင်အား ၁၀၀ ခန့်ရှိကြောင်း ဖယ်ရှားရာတွင်ပါဝင်သည့် အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးကဆိုသည်။

"အဖွဲ့တွေကတော့ ခရိုင်ကရော၊ မြို့နယ်ကရော၊ စည်ပင်ရော အကုန်ပါတယ်။ လောလောဆယ်မှာ စပြီးရှင်းလင်းရေးလုပ်နေတယ်"ဟု အဆိုပါအမည်မဖော်လိုသည့် ၎င်းရဲအရာရှိကပြောသည်။

စစ်တွေ-ရေချမ်းပြင်လမ်းပိုင်းကို ပြန်လည်ပြေးဆွဲရန်ပြင်ဆင်နေပြီး မီးရထားလမ်းပိုင်းတစ်လျှောက်ရှိ ကျူးကျော်များကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်က DMG သို့ပြောသည်။

"အဲ့ဒီစစ်တွေဘူတာနားမှာက ကျူးကျော်တွေ အဓိကရှိနေတာလေ။ ကျန်တဲ့နေရာတွေကတော့ ငါတို့သိသလောက်တော့ သိပ်မရှိဘူးလို့သိရတယ်။ ဒါကြောင့် ဒီနေရာတွေကိုရှင်းရတာ"ဟု ၄င်းကပြောသည်။

လက်ရှိတွင် မီးရထားပိုင်ဧရိယာအတွင်း နေထိုင်သူအချို့ကို ဖယ်ရှားပြီးပြီဖြစ်ကာ ကျန်ရှိနေသည့်နေအိမ်များကို မတ်လ ၁၀ ရက်နေ့တွင် ထပ်မံဖယ်ရှားသွားမည်ဟုပြောဆိုခဲ့ကြောင်း ဧရိယာအတွင်း နေထိုင်သူများထံမှသိရသည်။

"ဒီနေ့ ကျွန်မတို့အပိုင်းဘက်ကိုရောက်တော့ အဲဒီကဗိုလ်ကြီးကို ကျွန်မတို့ချက်ချင်းပြောင်းလို့အဆင်မပြေဘူးပြောတော့ မနက်ဖြန်မှ လာမယ်ဆိုပြီးပြောခဲ့တယ်။ ဒါပေမယ့် ကျွန်မတို့မှာ သွားစရာနေရာမရှိဘူးဖြစ်နေတယ်"ဟု အဆိုပါဧရိယာအတွင်းနေထိုင်သူ ဒေါ်သိန်းသန်းဌေးကပြောသည်။

လက်ရှိနေထိုင်နေသူများမှာ အဆိုပါနေရာကို ရှိစုမဲ့စုဖြင့်ဝယ်ယူကာနေထိုင်နေရသူများဖြစ်ပြီး ယခုနေရာမှ ဖယ်ရှားပေးရမည်ဆိုပါက နေထိုင်စရာနေရာမရှိတော့ကြောင်း ဦးထွန်းဦးကျော်ကပြောသည်။

"ကျွန်တော်တို့က စစ်ဘေးကိုရှောင်ပြီး ဒီနေရာကိုရောက်လာကြတာ။ ကျွန်တော်တို့မှာပါတဲ့ ရှိစုမဲ့စုလေးတွေနဲ့ ဒီအိမ်ဝင်းနေရာလေးကိုရလို့ ဝယ်ပြီးနေခဲ့တာ။ အခုဖယ်ပေးရမယ်ဆိုတော့ ကျွန်တော်တို့မှာ ဘယ်ကိုသွားပြီးနေရမယ်မှန်းမသိတော့ဘူး။ ဖြစ်နိုင်ရင် ကျွန်တော်တို့အတွက်လည်းစဉ်းစားပေးစေချင်ပါတယ်"ဟု ၄င်းကပြောသည်။

လက်ရှိတွင် စစ်တွေဘူတာအနီးတဝိုက်ရှိ မြန်မာ့မီးရထားပိုင် မြေနေရာများကို လက်ညှိုးထိုးရောင်းစားနေမှုမျာလည်းရှိနေကြောင်း မြန်မာ့မီးရထားတိုင်းအမှတ်(၇) တိုင်းခွဲ၊ စစ်တွေမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

အဆိုပါမီးရထားလမ်းဧရိယာအတွင်းရှိ နေအိမ်များကိုဖယ်ရှားပေးရန် အသိပေးစာပေးပို့လာသဖြင့် ဧရိယာအတွင်းနေထိုင်သူများက ပြည်နယ်စစ်ကောင်စီထံ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အသနားခံစာတင်ပြခဲ့သော်လည်း မတ်လ ၉ ရက်နေ့တွင် ဖယ်ရှားခံခဲ့ရသည်။

အဆိုပါနေရာ၌နေထိုင်သည့် အိမ်ထောင်စု ၇၀ ကျော်ခန့်မှာ နေအိမ်ဖယ်ရှားခံရမည့်အထဲပါဝင်ကာ အများစုမှ ကျေးလက်ဒေသမှ စစ်တွေမြို့သို့ လာရောက်အခြေချနေထိုင်လာသူများဖြစ်ကြသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...