အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် သူတို့ပြောစကား

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် သူတို့ပြောစကား

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး ယနေ့ မတ်လ ၈ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ကရင်အဖွဲ့ အစည်းခေါင်းဆောင်အချို့၏ ပြောစကားများကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

နော်ဆဲဆဲ -အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ ) အထွေထွေအတွင်းရေးမှူး

လက်ရှိ နွေဦးတော်လှန်ရေးကို ကျမတို့အခြေခံပြီးတော့ပြောတယ်။ ဘာလို့လဲဆိုတော့ လက်ရှိ နွေဦးတော်လှန်ရေးမှာ မြန်မာပြည်မှာရှိတဲ့ အမျိုးသမီး ထက်ဝက်ကျော်ဟာ တော်လှန်ရေး လှုပ်ရှားမှုမှာ ထောင့်ပေါင်းစုံ နည်းပေါင်းစုံနဲ့ပါဝင်တယ်။ သံပုံးတီးတာကအစ CDM တွေ၊ တစ်ခြားသောနည်းလမ်းတွေ PDF ထဲကို ဝင်တဲ့လူကဝင်၊ Advocacy လမ်းကြောင်းသွား သူကသွား၊ တစ်ခြားလမ်းကြောင်းတွေ ပံ့ပိုးကူညီမှုအပိုင်းလုပ်သူတွေက လုပ်တယ်။ အဲဒီမှာ ကျမတို့ အမျိုးသမီးအင်အားက လျှော့တွက်လို့မရဘူး။ လစ်လျူရှုလို့လည်းမရဘူးပေါ့။ အသိမှတ်ပြုကို ပြုရမယ့် အနေအထားဖြစ်တယ်။

ပြီးတော့ အသတ်ခံရတာတွေက အခြားနည်းတူပါပဲ။ အမျိုးသမီးတွေက ပိုလို့တောင်ခံရတယ်၊ တချို့ဆို မသတ်ခင် မုဒိမ်းကျင့်ခံရတယ် ပြီးမှသတ်တယ်။ အမျိုးသမီးတွေဟာတော်တော်လေး သတ္တိရှိတယ်။ တချို့ဆိုရင် လက်နက်ကိုင်လမ်းစဉ်သွားသူကသွား၊ တချို့ဆို နိုင်ငံရေးလမ်းစဉ် ရွေးချယ်ပြီး နိုင်ငံရေးတိုက်ပွဲမှာ ဝင်နေတဲ့လူရှိတယ်။ တော်တာ်များများက ရှေ့တန်းမှာ နေရာယူပြီး အထူးသဖြင့် ဒီဆန္ဒပြမှုတွေမှာ အမျိုးသမီး ဦးဆောင်တာ တော်တာ်များများတွေ့ရတယ်။ အဲဒီအခါကျတော့ ဒီနေ့ ဒီအချိန်ခါမှာ Gender အခြေပြုတဲ့အစုအဖွဲ့တွေက တော်တော်လေး ရင်ဘောင်တန်းနိုင်ပြီပေါ့။ အဲဒီအခါကျတော့ အမျိုးသားတွေပဲ ဦးဆောင်တာ လွှမ်းမိုးတာ ကျမတို့ မဖြစ်စေချင်ဘူး။ ဒီနွေဦးတော်လှန်ရေးက အမျိုးသမီးနဲ့ အမျိုးသားကြားတွေမှာရော လိင်စိတ်ခံယူနေတဲ့ လူတွေနဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု သဟဇာတ ဖြစ်ဖို့ ခွဲခြားဆက်ဆံမှုတွေ ပပျောက်ဖို့ ဖိုဝါဒကြီးစိုးမှုတွေကို ပပျောက်ဖို့ တိုက်ဖျက်ဖို့ကိုလည်း ကျမတို့ ရည်ရွယ်ပြီးတော့ ဒီနွေဦးတော်လှန်ရေး လှုပ်ရှားမှုတစ်လျှောက်မှာ အခုချိန်ထိပါဝင်တယ်ပေါ့နော်။

အာဏာရှင်ကို ဆန့်ကျင်တဲ့ ရည်ရွယ်ချက် တစ်ခုထက်မကဘူးပေါ့နော်၊ တခြားသော ရည်ရွယ်ချက်ဖြစ်တဲ့ Gender တန်းတူရေးကိစ္စတို့ ခွဲခြားဆက်ဆံမှုတွေကို ပပျောက်ဖို့ ၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေကို အသိမှတ်ပြုဖို့တို့ ဒါမျိုးတွေကို ကျမတို့ အကုန်တိုက်ဖျက်နေရတယ်ပေါ့နော်။ ဆုံးဖြတ်ချက်ချတဲ့နေရာအဆင့်ဆင့်မှာ အမျိုးသမီးကို ထည့်သွင်းစဉ်းစားဖို့အချိန်တန်ပြီ။ ပြီးတော့ ဒီနေ့ဒီအချိန်မှာ ဘယ်ပဋိပက္ခမဆို ဘယ်တော်လှန်ရေးမဆို အမျိုးသမီးတွေက အမျိုးသားတွေနဲ့အတူတူ တိုက်ပွဲဝင်တယ်။ သေခြင်းတရားကို ရင်ဆိုင်ရဲတယ်။ အခက်အခဲ ပေါင်းစုံရင်ဆိုင်ရဲတယ်။ ကျမတို့ မှတ်ချက်ပေးချင်တာကတော့ ခွဲခြားဆက်ဆံမှုတွေကို ပပျောက်ပြီးတော့ ဒီလိုမျိုးဖိုဝါဒကြီးစိုးတဲ့ အသိုင်းအဝိုင်းတွေကို တိုက်ဖျက်ပြီး အတူတကွ တန်းတူညီတူ ဖော်ဆောင်နိုင်တဲ့အဆင့်ထိ တရားမျှတပြီးတော့ သဟဇာတဖြစ်နေတဲ့ အသိုင်းအဝိုင်းတစ်ခု တည်ဆောက်ဖို့က အချိန်တန်ပြီးလို့ ပြောချင်ပါတယ်။

ပဒိုစောတောနီး။ (ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး-နိုင်ငံခြားရေးဌာန တာဝန်ခံ)

ဒီအရာ (အမျိုးသမီးအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု)တွေက ကျနော်တို့ခံလာခဲ့ရတာ အရင်က တည်းကပါ၊ အထူးသဖြင့် အမျိုးသမီးအများစုက ပိုပြီးတော့ခံရပါတယ်၊ လက်ရှိအချိန်ထိလည်း ရှိနေဆဲပါပဲ။ စစ်တပ်က အာဏာသိမ်းပြီးနောက် ဒီအရာတွေက မနည်းလာဘဲနဲ့ပိုပြီးများလာတာကို တွေ့ရပါတယ်။ ဒါကြောင့်ကျနော်တို့အနေနဲ့က အမျိုးသမီးများအပေါ်အကြမ်းဖက်မှု၊ အမျိုးသမီးအခွင့်အရေးချိုးဖောက်မှုများ မများလာအောင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ကျနော်တို့နိုင်ငံအတွင်းမှာ ပြန်ကြည့်မယ်ဆိုရင်၊ တိုင်းပြည်အာဏာသိမ်းတဲ့သူတွေက အမျိုးသမီးအခွင့်အရေးဆိုင်ရာပြောရင် သူတို့က အမြဲတမ်းငြင်းဆိုတယ်။ အမျိုးသမီးတွေက အခွင့်အရေးအပြည့်အဝရှိတယ်လို့ ပြောကြတယ်။ ဒါပေမဲ့အမှန်တကယ်မှာဆိုလို့ရှိရင် သူတို့ရဲ့အမြင်နဲ့ဖြစ်နေတာက ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ဒါကြောင့်ကျနော်တို့တွေက အမျိုးသမီးအဖွဲ့ အစည်းတွေနဲ့ရှိတယ်။ သူတို့တွေရဲ့ကြိုးစားမှုတွေက အပြည့်အ ဝမရရှိသေးဘူးဆိုတာလည်း ဝန်ခံပါတယ်။ ဒါကြောင့်အကြံပြုချင်တာကတော့ ဒီအရာတွေက ရှေ့ဆက်ကောင်းမွန်လာအောင်လုပ်ဆောင်ကြိုးစားသွာရပါမယ်။

နော်ကညောဖော ( ကရင်အမျိုးသမီးအစည်းအရုံး-အထွေထွေအတွင်းရေးမှူး)

နိုင်ငံတကာအမျိုးသမီးများနေ့ဟာ အားလုံးက အခမ်းအနားကျင်းပပြုလုပ်ရမယ်ဆိုပေမယ့် မြန်မာနိုင်ငံကိုပြန်ကြည့်ရင်တော့ အခမ်းအနားကျင်းပဖို့ကတော့ မရှိဘူး။ သို့သော် ဂုဏ်ယူရမှာဖြစ်ပါတယ်။ အမျိုးသမီးများက စစ်အာဏာရှင်ကို တော်လှန်နေတာကြောင့်ပါပဲ။ ပြန်ကြည့်ရမယ်ဆိုရင် စစ်တပ်က အာဏာသိမ်းပြီးကတည်းက အာဏာရှင်တွန်းလှန်တို က်ခိုက်သူအထဲမှာ အမျိုးသမီးတော်တော်များများပါတယ်။ ခေါင်းဆောင်မှုအပိုင်းမှာပေါ့နော်။ သူတို့တွေကိုလည်း အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်က အခု PDF လုပ်ပြီး အာဏာရှင်ကို တော်လှန်တဲ့အမျိုးသမီးတွေအများကြီး ပါဝင်နေတယ်။

နောက် နိုင်ငံတကာက မြန်မာပြည်အကြောင်းကိုသိအောင် တက်ကြွလှုပ်ရှားပြီးပြောဆိုတဲ့ အမျိုးသမီးအများကြီးရှိပါတယ်။ ဒါကြောင့်အမျိုးသမီးတွေက မြန်မာပြည်ပြောင်းလဲမှုရှိလာ အောင်နေရာတိုင်းမှာ ပါဝင်လာတာကိုတွေ့ရတယ်။ သူတို့ရဲ့ပေးဆပ်မှုတွေကို အသိအမှတ်ပြုဖို့လို အပ်ပါတယ်။ နောက်တစ်ချက်က ပြန်ကြည့်မယ်ဆိုရင် အဖမ်းခံပြီးအကျဉ်းကျခံရတဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်။ သူတို့တွေအစော်ကားခံ၊ နှိပ်စက်ခံရတာမျိုးလည်း ရှိတယ်။ အဲသလိုပဲ အပြင်ဘက်မှာရှိတဲ့အမျိုးသမီးတွေဆိုလည်း အစော်ကားခံ၊ နှိပ်စက်ခံရတာတွေ အများကြီးရှိပါတယ်။ ဒါကြောင့်ဒီအရာတွေကို ကျမတို့အချက်အလက်ပြန်စုရမယ်။ သူတို့အတွက် အမှန်တရားရအောင် ဆက်ပြီးလုပ်ဆောင်ရမယ်။ ဒီဟာတွေကို ကြိုးစားလှုပ်ရှားနေတဲ့အချိန်မှာ ကျမတို့တွေ စိန်ခေါ်မှုတွေအများကြီးရှိတယ်၊ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြီးလှုပ်ရှားသွားရမှာဖြစ်ပါတယ်။

နော်ထူးထူး (ကရင်လူ့အခွင့်အရေးအဖွဲ့-ဒါရိုက်တာ)

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ဖို့အတွက် လက်ရှိအချိန်မှာ လူတိုင်းမှာ တာဝန်ရှိပါတယ်။ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်နေရာဒေသ အလိုက်လုပ်ဆောင်သွားရမယ့် အရာဖြစ်ပါတယ်။ အမျိုးသမီးများကိုအထင်သေးခွဲခြား ဆက်ဆံတာက များသောအားဖြင့် အိမ်တွင်းမှာ စလာတာပိုများတယ်။ နောက်အမျိုးသမီးရဲ့အရည်အချင်းရပိုင်ခွင့်တွေကို အလေးမထား အသိအမှတ်မပြုတာတွေ အများကြီးရှိတယ်။

အရင်ကဆိုရင်ကျေးရွာတွေမှာ ပေါ်တာဖမ်းတဲ့အချိန်တွေဆိုရင်ကျေးရွာအတွင်းမှာ အမျိုးသမီးနဲ့ ကလေးတွေပဲ ကျန်တယ်။ အဲ့အချိန်မှာသူတို့တွေပဲ ကျေးရွာကိုပြန်ပြီးအုပ်ချုပ်ရတယ်။ နောက်ပိုင်းအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးမှ အမျိုးသားတွေက ပြန်လာပြီး ကျေးရွာပြန်လာအုပ်ချုပ်ကြတယ်။ အမျိုးသမီးတွေက ပဋိပက္ခဖြစ်တဲ့အချိန်မှာ ကျေးရွာသူကြီး တာဝန်ထမ်းဆောင်ပေမယ့်လည်း သူတို့ကိုအသိအမှတ်ပြုတာမျိုးတွေမရှိဘူး။ ဒါကြောင့် ဒီနှစ်ကျရောက်တဲ့နိုင်ငံတကာ အမျိုးသမီးများနေ့မှာဆောင်ပုဒ်ဖြစ်တဲ့ Break The Bias လိုပဲ အမျိုးသမီးများကို ခွဲခြားဆက်ဆံတာတွေကို ချိုးဖျက်ရမှာဖြစ်ပါတယ်။ ရှေ့ဆက်ဒီအရာတွေက ဆက်ပြီးရှိနေအုံးမယ်ဆိုရင် အမျိုးသမီးများရဲ့အခွင့်အရေးရရှိဖို့အတွက် ခက်ခဲစေတယ်။ အတားအဆီးဖြစ်စေတယ်။

ဒါကြောင့် လူတိုင်းမှာ လုပ်ဆောင်ဖို့ တာဝန်ရှိတယ်။ ဒီလိုလုပ်ဆောင်မှသာ အမျိုးသမီးများရဲ့ အခွင့်အရေးအပြည့်အဝ ပြန်လည်ရရှိမှာဖြစ်တယ်။ အမျိုးသမီးများအပေါ်ခွဲခြား ဆက်ဆံတာဟာ ပြဿနာတစ်ခုလို မမြင်မချင်းအမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုရော၊ အခွင့်အရေးရရှိမှုရော အဟန့်အတားအကြီးကြီးဖြစ်စေတယ်။

Most read this week

May 17, 2024
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ကို နယ်ခြားစာင့်တပ်-BGF တပ်က...
May 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင်...
May 16, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ဥက္ကဋ္ဌ နှင့် ဂျပန်အစိုးရ...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...