မြဝတီတောင်ဘက်ရှိ လေးကေ့ကော်ဒေသ ရှုခင်းသာ ပန်းခြံကုန်းနေရာအနီး အခြေချထားသည့် စစ်ကောင်စီ အမြှောက်ကုန်းနေရာတွင် ယနေ့ မတ်လ ၇ရက် နံနက် အစောပိုင်းမှစတင်၍ စစ်ကောင်စီစစ်ကြောင်းများမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်း တပ်ဖွဲ့ များ ရှိရာဘက်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းအရ သိရသည်။
KNLA ပူးပေါင်းတပ်ဖွဲ့မှ ပါဝင်တိုက်ခိုက်နေသူတစ်ဦးက “လေးကေကော် ခွေးကုန်းပေါ့၊ (စွယ်တော်အမြှောက်ကုန်း) မှာ ညက ပေါက်ကွဲမှုဖြစ်သံကြားတယ်။ ခဏတော့ လက်နက်ငယ် ပစ်ခတ်မှုတွေ လုပ်တယ် ၊ သူတို့ တပ်ဖွဲ့ ဝင်အချင်းချင်း ပစ်ခတ်ကြတာလို့ထင်တယ်၊ ညက ကျနော်တို့ဘက်က ပစ်ခတ်တာမရှိဘူး၊ ဒီမနက် ၆ နာရီကျော်မှာ ရသေ့ဂူ တောင်ကြောဘက်ကို စပစ် တာကနေ အခု တိုက်ပွဲဖြစ်နေတယ် ၊ ခွေးကုန်းက လက်နက်ကြီး ပစ်ထုတ်နေတယ်၊ ဆက်တိုက်ပဲ ။ ဒီနေ့မနက် ပစ်ခတ် နေတာက ပိုပြီး အင်အားသုံးလာတယ်၊ ကျနော်တို့လည်း နေရာစုံ ကနေ ပြန်ပြီးတိုက်နေတယ် ။ “ဟု ပြောသည်။
မတ်လ ၂ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်များဘက်မှ ဒေသအခြေစိုက် နယ်ခြားစောင့်တပ် -BGF များနှင့် ပူးပေါင်းကာ စစ်အင်အားတိုးချဲ့၍ KNLA ပူးပေါင်းတပ်များရှိရာ နေရာများဘက်သို့ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးလုပ်ဆောင်လာနေသည့်အတွက် လေးကေ့ကော်ဒေသချင်းဆက် လမ်းပိုင်း ဖြစ်သော ဖလူးလေး-ရသေ့ဂူ လမ်းပိုင်းတွင် နေ့စဥ်ရက်မခြား ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားလျက်ရှိသည်ဟု မြေပြင်သတင်းအရ သိရသည်။
ထို့အပြင် လေကြောင်း မှ ကင်းထောက်လေယာဥ် ပျံသန်း ထောက်လှမ်းမှုများ စစ်ကောင်စီဘက်မှ လုပ်ဆောင်နေမှုများ ဆက်တိုက်လုပ်ဆောင်လာသည့်အတွက် လုံခြုံရေးအတွက် စိုးရိမ်မှုရှိလာသည်ဟု နေရပ်မပြန်နိုင်သေးသူ ဖလူးလေးစစ်ဘေးရှောင် ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“အခုတလောက ဒီဘက်ရွာတွေမှာ BGF တပ်နဲ့ စစ်ကောင်စီတပ်တွေက ဖလူးကြီး၊ ဖလူးလေးဘက်မှာရော လေးကေ့ကော်၊ မယ်ဝါးခီးဘက်မှာရော အင်အား တိုးလာတယ်။ KNU တပ်တွေရှိတဲ့ ရသေ့ဂူဘက် လေးကပေါ် ရေတံခွန် ဘက်ကို နယ်မြေရှင်းဖို့ ဒီရက်တွေထဲ လက်နက်ကြီးနဲ့ ဟိုပစ်ထုတ်၊ ဒီပစ်ထုတ် ရမ်းသမ်း ပစ်ခတ်တာတွေ ရှိတယ် ၊ ဒရုန်းပျံတာ၊ ကင်းထောက်လေယာဥ် ပျံတာမျိုးရှိတယ်၊ ကျနော်တို့ စစ်ရှောင်တွေစုပြီး ရှောင်နေတဲ့ဘက်တော့ သတိထားနေရတယ် “ဟု ၎င်းစစ်ရှောင်က ပြောသည်။
အဆိုပါ လေးကေ့ကော် ဒေသအတွင်း တိုက်ပွဲ ဖြစ်ပွားနေမှုမှာ ၃ လကျော် ကြာမြင့်လာနေပြီဖြစ်ပြီး လေးကေ့ ကော် အပါအဝင် ကျေးရွာ ၅ ရွာခန့် မှ စစ်ဘေးရှောင်နေရသူ အစုအဖွဲ့ ၅ နေရာတွင် လူဦးရေ ၆၁၅၂ ဦးသည် ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ဘေး နေရာတစ်လျှောက်တွင် ခိုလှုံနေထိုင်ရဆဲဖြစ်ကြောင်း သိရသည်။







