တင်းမရွာသားများ နေရပ်ပြန်နိုင်ရေး စစ်ကောင်စီထံ ထပ်မံတောင်းဆို

တင်းမရွာသားများ နေရပ်ပြန်နိုင်ရေး စစ်ကောင်စီထံ ထပ်မံတောင်းဆို

တိုက်ပွဲကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှဒေသခံများမှာ မိမိဇာတိကျေးရွာတွင် ပြန်လည်နေထိုင်လိုကြသဖြင့် ယမန်နေ့(မတ်လ ၃ ရက်)က စစ်ကောင်စီထံ ထပ်မံစာပေးပို့ တောင်းဆိုလိုက်သည်။

အိမ်ခြေ(၆၀၀)ကျော်ရှိသည့် တင်းမာကျေးရွာတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကာလအတွင်း ၂၀၂၀ ခုနှစ်က နေအိမ်အမြောက်အများ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကျေးရွာသားများမှာလည်း ဒုက္ခသည်အဖြစ် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသည်။

လက်ရှိတွင် ဒေသတွင်းတိုက်ပွဲရပ်တန့်ကာ တည်ငြိမ်နေသည့်အခြေအနေဖြစ်သောကြောင့် တင်းမကျေးရွာသားများ နေရပ်ပြန်နိုင်ရေးအတွက် စစ်ကောင်စီထံအကြိမ်ကြိမ် စာပို့တောင်းဆိုခဲ့ကြသည်။ သို့သော်ထူးခြားမှုမရှိသောကြောင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ယမန်နေ့က (၇)ကြိမ်မြောက် စာပေးပို့တောင်းဆိုခဲ့ကြောင်း တင်းမကျေးရွာသားများကဆိုသည်။

ယခုအခါ တိုက်ပွဲများရပ်တန့်နေသောကြောင့် ကုလားတန်ကမ်း အနောက်ဘက်တွင်နေထိုင်သော စစ်ဘေးရှောင်များကို နေရပ်ပြန်ခိုင်းနေသည်ဟုသိရသဖြင့် ကုလားတန်ကမ်း အရှေ့ဘက်တွင်နေထိုင်သည့် တင်းမရွာသားများလည်း နေရပ်ပြန်နိုင်သည့်အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်သည်ဟုမျှော်လင့်ကြောင်း တင်းမကျေးရွာမှ ရပ်မိ၊ရပ်ဖဖြစ်သူ ဦးသန်းလှိုင်က DMG သို့ပြောသည်။

“တင်းမနဲ့ပတ်သက်ပြီး ကျနော်တို့အစီစဉ်ချထားပြီးပြီ။ ဘယ်နေ့၊ဘယ်ရက်ပြန်ရမယ်ဆိုတာတော့ မသိနိုင် သေးဘူးဆိုပြီး လူ/ကယ်ပြန်ကအကြောင်းကြားပြောဆိုထားတာရှိတယ်။ ပြီးတော့ စစ်တပ်ဖက်ကလည်း အပစ်အခတ် (၁၀)လရပ်စဲထားတော့ ကျနော်တို့အတွက် အခွင့်ကောင်းတစ်ခုဆိုပြီး ထပ်တင်ပြလိုက်တာပါ ’’ဟု ၎င်းကပြောသည်။

တင်းမကျေးရွာသည် ကုလားတန်မြစ်အရှေ့ဘက် ကျောက်တော်မြို့နှင့် ပလက်ဝမြို့ကြား မြစ်ကမ်းဘေးတွင်ရှိသော ကျေးရွာကြီးတစ်ရွာဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်းက ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ကျေးရွာသားများစစ်ဘေးတိမ်းရှောင်နေစဉ် ရွာအတွင်းမှ နေအိမ်(၁၃၂)ဆောင် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

နေရပ်သို့ မိမိဆန္ဒအတိုင်းပြန်မည်ဆိုပါကလည်း ရွာအနီးရှိ တောင်ရှည်တောင်တွင်တပ်စွဲထားသော မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များကတားမြစ်သဖြင့် သွားလာခွင့်ဆုံးရှုံးနေရပြီး ရွာတွင်ကျန်ခဲ့သည့် ပစ္စည်းများကိုလည်း ယူဆောင်ခွင့်မရဟု ဒေသခံများကဆိုကြသည်။

“တိုက်ပွဲတွေ အသည်းအသန်ဖြစ်နေတယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ အိမ်ပြန်ဖို့ဘယ်ဖြစ်နိုင်ပါ့မလဲ။ အခုအခြေနေက ကျနော်တို့ပြန်လို့ရနေပြီ။ စစ်ကာင်စီအနေနဲ့လည်း ကျနော်တို့ အကြိမ်ကြိမ်တင်ပြထားကိုငဲ့ပြီး နေရပ်ပြန်ရေးအတွက် လုပ်ပေးစေချင်တယ်။ ကျနော်တို့အဓိကပြန်ချင်နေတဲ့အကြောင်းရင်းက ရွာမှာမီးလောင်ရာမှ ပါမသွားတဲ့ပစ္စည်းတွေ၊ အိမ်တွေကျန်နေသေးတယ်။ တကယ်လို့ ကျနော်တို့မပြန်ဘဲ ပစ်ထားလိုက်မယ်ဆိုရင် ကျန်နေတဲ့အိမ်တွေပါ ထပ်ပြီးပျက်စီးသွားမှာစိုးတဲ့အတွက် ပြန်သွားပြီးတော့ အခြေချချင်တာ”ဟု တင်းမကျေးရွာသားတစ်ဦးက ပြောသည်။

ထိုသို့အခြေအနေများရှိနေသောကြောင့် မိုးရာသီမရောက်မီ နေရပ်ပြန်ခွင့်ပေးပြီး မီးလောင်သွားသည့် နေအိမ်များအတွက် နေအိမ်အသစ်တည်ဆောက်ပေးခြင်းများ၊ ပျက်စီးသွားသည့်နေအိမ်များကို ပြန်လည်ပြုပြင်ပေးရန် စစ်ကောင်စီထံတင်ပြထားသည်။

August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...
August 6, 2026
ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည့် ရခိုင်ပြည်အတွင်းရှိ မြို့နယ်များတွင် အွန်လိုင်းမှတစ်ဆင့် ငွေကြေး...
(CINCDS) မတ်လ ၁၃ ရက်နေ့က တွေ့ရသည့် မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်များ
August 5, 2026
ရခိုင်ပြည်နှင့် နယ်စပ်ဒေသ မြေပြင်တိုက်ပွဲများတွင် အကျအဆုံးများပြားနေသည့် စစ်တပ်သည် ရခိုင်ဒေသဘက်...
August 4, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော အမှတ် (၉) ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ...