မြဝတီမြို့တောင်ဘက်ရှိ လေးကေကော်ဒေသမှ စစ်ဘေးရှောင်နေကြရသည့် စစ်ရှောင်အစုအဖွဲ့များတွင် ကျောင်းနေအရွယ်ကလေးများကို ပညာသင်ကြားရေး အစီအစဥ်များနှင့် အမျိုးသမီးများအတွက် အိမ်တွင်းမှု သင်တန်းများလုပ်ဆောင်ပေးရန် စီစဥ်ဆောင်ရွက်နေကြောင်း တာဝန်ရှိသူများက ကေအိုင်စီသို့ ပြောသည်။
စစ်ရှောင်စခန်းရှိ ကျောင်းဆရာမတစ်ဦးက “ကလေးတွေက ကျမတို့ လေးကေကော် ကျောင်းမှာထဲက စာသင်လက်စကလေးတွေပဲ စစ်ရှောင်ကြရတော့ အတူတူ ပါလာတာပါ။ ဒီစစ်ရှောင်စခန်းမှာတော့ ကလေး ၈၀ လောက် ပါလာတယ်။ ကျောင်းနေအရွယ်ပေါ့၊ အငယ်တွေ အကြီးတွေကတော့ အများကြီးပေါ့။ စာပြန်သင်ဖို့ သင်ရိုးတွေ ပြန်ဆွဲနေတယ်။ စာအုပ်ချုပ်ပြီးရင် အဆောင်တွေ ဆောက်ပြီးရင်တော့ စသင်တော့မယ်။ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ကရင်စာတွေ သင်ကြမယ်။” ဟု ပြောသည်။
ထို့အပြင် အခြားစစ်ရှောင်အစုအဖွဲ့များမှ ကလေးများအတွက်လည်း အလားတူ လုပ်ဆောင်ပေးရန် စီစဥ်နေသလို စစ်ရှောင်အမျိုးသမီးများအတွက် အိမ်တွင်းမှု ဇာထိုးပန်ထိုး သင်တန်းများလည်း လုပ်ဆောင်သွားရန် ပြင်ဆင်နေကြောင်းလည်း ၎င်းကျောင်းဆရာမက ဖြည့်စွက်ပြောဆိုသည်။
လေးကေကော်ဒေသအတွင်း ကျောင်းနေအရွယ်ကလေးများအား ကိုဗစ်ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးကာလ နှင့် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဖြစ်ပေါ်လာသည့် ဒေသတွင်း စစ်ရေးပဋိပက္ခများကြောင့် ကျောင်းနေအရွယ်ကလေးများအပါအဝင် ထောင်နှစ်ချီသော ဒေသခံများ စစ်ဘေးရှောင်နေကြရ၍ စာသင်ကျောင်းများပိတ်ထားရသည်မှာ ၃ နှစ်ခန့်ရှိလာနေပြီဖြစ်သည်။
ယခုလိုအခြေအနေမျိုးတွင် KNU -ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်(တပ်မဟာ ၆ နယ်မြေ)ရှိ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနမှ ကျောင်း ဆရာ/ ဆရာမများနှင့် တတ်သိပညာရှင်များက စုစည်းကာ ဒေသတွင်း ကလေးများစစ်ဘေးရှောင်စဥ်ကြားကာလ ပညာသင်ကြားတတ်မြောက်ရေးနှင့် အသက်မွေဝမ်းကျောင်းပညာ တတ်မြောက်ရေးတို့အတွက် စီစဥ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
“သမီးတို့ စာမသင်ရတာဆို ၃ နှစ်လောက်ရှိတော့မယ်။ ကျောင်းတက် တုန်းကဆို ၇ တန်းပေါ့။ အခုက စစ်ဘေးရှောင်ရင်းနေရာ ခဏခဏ ပြောင်းနေရင်းကနေ သူကြီးစစ်ရှောင်စခန်းကို ရောက်လာတာမှာ ဒီမှာ စာသင်မယ်ဆိုတော့ ကျောင်းပြန် ဝင်တက်မယ်။ ကွန်ပျူတာသင်မယ်တော့ တွေးထားပါတယ်။ သမီးစာတတ်လာရင်လည်း ဒီက ကလေးတွေကို စာပြန်သင်ပေးဖို့ ဝိုင်းကူသင်ပေးသွားမယ်လို့ စိတ်ကူးထားပါတယ်” ဟု စစ်ဘေးရှောင်ကျောင်းသူတစ်ဦးက ပြောသည်။
လေးကေကော် ဒေသအပါအဝင် ကျေးရွာ ၅ ရွာမှ ဒေသခံများမှာ ၎င်းတို့ နေထိုင်သည့် ကျေးရွာနေရာများတွင် စစ်ကောင်စီတပ်များနှင့် နယ်ခြားစောင့်တပ်-BGF များမှ အခြေချစခန်းထိုင်ထားသည့်အတွက် နေရပ်ပြန် နေထိုင်နိုင်ရန် အခက်အခဲရှိနေဆဲဖြစ်သည်ဟု စစ်ရှောင်ပြည်သူများက ပြောသည်။
လေးကေကော်ဒေသရှိ ကျေးရွာကျောင်း ၁၀ ကျောင်းထက်မနည်း ပိတ်ထားရသည့်အတွက် ကျောင်း နေအရွယ် ကလေး ၂ဝဝဝ ခန့်မှာ ပညာသင်ကြားနိုင်ခြင်းမရှိသေးဘဲ ဆက်လက်စစ်ဘေးရှောင်နေရဆဲ ဖြစ်သည်ဟု သိရှိရသည်။







