စစ်တွေ-ရေချမ်းပြင်ရထားလမ်းအနီးမှ ကျူးကျော်များကို ရှင်းလင်းသွားမည်ဟုဆို

စစ်တွေ-ရေချမ်းပြင်ရထားလမ်းအနီးမှ ကျူးကျော်များကို ရှင်းလင်းသွားမည်ဟုဆို

ရခိုင်ပြည်နယ်တွင် ပြန်လည်ပြေးဆွဲရန်ပြင်ဆင်နေသည့် စစ်တွေ ပြည်တော်သာ-ရေချမ်းပြင်ရထားလမ်းပိုင်းအနီးတစ်ဝိုက်ရှိ ကျူးကျော်များကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်က DMG သို့ပြောသည်။

အဆိုပါနေအိမ်များမှာ ဥပဒေနှင့်မညီပဲ ကျူးကျော်ဆောက်လုပ်ထားသည့်အတွက် ရှင်းလင်းသွားမည်ဖြစ်ပြီး မည်သည့်အချိန်တွင် စတင်ရှင်းလင်းမည်ကိုမသိရသေးကြောင်း ၎င်းကဆိုသည်။

“အခုက အစိုးရမြေကိုလာပြီး လက်ညှိုးထိုးပြီးရောင်းတဲ့သူတွေက အများကြီးဖြစ်နေတယ်။ ဥပဒေနဲ့မညီပဲကျူးထားတဲ့ ကျူးကျော်တွေကိုရှင်းလင်းရမှာပဲလေ။ ဘယ်တော့ရှင်းမယ်ဆိုတာကိုတော့ လောလောဆယ်ပြောလို့မရသေးဘူး”ဟု ရဲမှူးကြီးသက်လွင်က ရှင်းပြသည်။

ပြည်တော်သာ-ရေချမ်းပြင်ရထားလမ်းပိုင်းတွင် ဘူတာလေးခုနှင့် လက်မှတ်ရောင်းချသည့်ရုံတစ်ခုရှိပြီး အချို့နေရာများတွင် မီးရထားလမ်းဘေးတစ်လျှောက်၌ ကျူးကျော်မှုများစွာရှိနေကြောင်း အမည်မဖော်လိုသည့် မီးရထားဝန်ထမ်းတစ်ဦးကဆိုသည်။

“မီးရထားသံလမ်းရဲ့တစ်ဖက်ကို ၇၅ ပေအထိ ကျူးကျော်ခွင့်မရှိပေမယ့် စစ်တွေဘူတာအနားမှာဆိုရင် ကျူးထားတဲ့ ကျူးကျော်တွေအများကြီးရှိနေတယ်။ မီးရထားကလည်း ရပ်နားထားတော့ အခုပိုပိုများလာနေတာတွေ့ရတယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် မီးရထားးလမ်းတစ်လျှောက်တွင် နေအိမ်များကျူးကျော်ဆောက်လုပ်ထားသူသည်မှာ ရာနှင့်ချီကာရှိနေပြီး ၎င်းတို့မှာ နေထိုင်ရန်မြေနေရာမရှိသည့်အတွက် ယခုကဲ့သို့မီးရထားသံလမ်းအနီးတွင် နေထိုင်ကြရခြင်းဖြစ်ကြောင်း စစ်တွေဘူတာအနီးနေထိုင်သူ ဦးကျော်သိန်းက DMG သို့ပြောသည်။

“ကျွန်တော်တို့မိသားစုက ရသေ့တောင်ဘက်ကနေ စစ်ဘေးရှောင်လာကြတာပါ။ စစ်ဘေးရှောင်စခန်းတွေမှာ နေရတာအဆင်မပြေလို့ သူများတွေလို ရထားလမ်းအနားမှာ ရှိစုမဲ့စုလေးတွေနဲ့ အိမ်ဆောက်ပြီးလာနေတာပါ”ဟု ဆိုသည်။

လက်ရှိတွင် ပြည်တော်သာ-ရေချမ်းပြင် မီးရထားလမ်းပိုင်းကို ပြန်လည်ပြေးဆွဲရန်စီစဉ်နေပြီး အဆိုပါလမ်းပိုင်းရှိ လမ်းနှင့် တံတားအချို့ကို ပြန်လည်ပြင်ဆင်ခြင်း၊ ရထားလမ်းပိုင်းပြင်ဆင်ခြင်း၊ ပြေးဆွဲမည့်မီးရထားစက်ခေါင်းနှင့် ရထားတွဲများပြင်ဆင်ခြင်းတို့ကို လုပ်ဆောင်နေကြောင်း ရဲမှူးကြီးသက်လွင်က DMG သို့ ပြောကြားထားသည်။

ပြည်တော်သာ-ရေချမ်းပြင်ရထားလမ်းပိုင်းကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၀၉ ခုနှစ် မေလ ၁၁ ရက်နေ့တွင် ရထားစတင်ပြေးဆွဲခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ပိတ်ထားခဲ့ရခြင်းဖြစ်သည်။

Most read this week

August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...
August 6, 2026
ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည့် ရခိုင်ပြည်အတွင်းရှိ မြို့နယ်များတွင် အွန်လိုင်းမှတစ်ဆင့် ငွေကြေး...
(CINCDS) မတ်လ ၁၃ ရက်နေ့က တွေ့ရသည့် မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်များ
August 5, 2026
ရခိုင်ပြည်နှင့် နယ်စပ်ဒေသ မြေပြင်တိုက်ပွဲများတွင် အကျအဆုံးများပြားနေသည့် စစ်တပ်သည် ရခိုင်ဒေသဘက်...
August 4, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော အမှတ် (၉) ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ...