မွန် NLD ပါတီ အမတ်တွေနဲ့ ပါတီထောက်ခံသူ နေအိမ်တွေ ဆက်တိုက် ချိတ်ပိတ်ခံနေရ

မွန် NLD ပါတီ အမတ်တွေနဲ့ ပါတီထောက်ခံသူ နေအိမ်တွေ ဆက်တိုက် ချိတ်ပိတ်ခံနေရ

မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်တွေနဲ့ ပါတီ ထောက်ခံသူ နေအိမ်တွေကို ချိတ်ပိတ်တာတွေ ဆက်တိုက် လုပ်ဆောင်လာပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဘီးလင်း NLD အမတ် ဒေါ်သီရိရတနာ၊ မုဒုံ NLD အမတ် ဒေါ်ခင်ကျော့ဖြူ၊ သထုံ NLD ပါတီ အမတ်ဟောင်း ဦးအောင်ကျော်သူ နေအိမ်တို့ကို ချိတ်ပိတ်သွားခဲ့တာပါ။

စစ်ကောင်စီကတော့ NLD ပါတီအမတ်တွေနဲ့ ပါတီထောက်ခံသူတွေဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်နေတာကြောင့် နေအိမ်တွေကို ချိတ်ပိတ်ရတာလို့ ဆိုထားပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး NLD ပါတီ ထောက်ခံသူ တစ်ဦးက အခုလိုပဲ မှတ်ချက်ပြုပါတယ်။

“ဒီဟာကတော့ လုပ်နေကျပဲလေ။အရင်ကလည်း လုပ်နေကျပဲ။အရှေ့မှာလည်း ဒီမတိုင်ခင်က ဒေါက်တာ ခင်ဆောင်တို့၊ကိုဇော်ထူးတို့ နေအိမ်လည်း ချိတ်ပိတ်သွားတာပဲ။တစ်ဖြည်းဖြည်းချင်းတော့ ပါတီဝင်တွေ၊ပါတီဝန်းရံသူတွေလည်း အဲဒီလိုလည်း လုပ်မယ်လို့ မြင်တယ်။သူတို့က (စကစ)စပြီး အာဏာသိမ်းကတည်းကိုက ဥပဒေနဲ့မညီတာ အာဏာသိမ်းခဲ့တာ။အဲဒီအတွက်ကြောင့် သူတို့ရဲ့ လုပ်ရပ်က ဘာပဲ လုပ်လုပ် အခုချိန်မှာ ဥပဒေနဲ့ ညီဖို့ဆိုတာ ဘယ်လိုမှ မရှိဘူး။သူတို့ (စကစ)ပါးစပ်ထဲက ဥပဒေ သူတို့ထုတ်ချင်တဲ့ ဥပဒေထုတ်ပြီး တပ်ချင်တဲ့ ပုဒ်မ တပ်မှာပဲ။ဒါကလည်း အရင် ၈၈ တုန်းကလည်း လုပ်ခဲ့တာပဲ”လို့ ဆိုပါတယ်။

သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ စာရင်းတွေအရ ရေး၊‌မော်လမြိုင်၊‌ပေါင်၊ဘီးလင်း၊သထုံနဲ့ ကျိုက်ထိုမြို့နယ်က NLD အမတ်တွေနဲ့ ပါတီထောက်ခံသူ စားသောက်ဆိုင် အပါအဝင် နေအိမ် ၁၀ လုံးထက်မနည်း ချိတ်ပိတ်ခံထားရတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် အကောက်တွေမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ သထုံမြို့နယ်က အမတ်တစ်ဦးဖြစ်တဲ့ ဒေါ်ခိုင်ခိုင်လဲ့ရဲ့ နေအိမ်ကိုလည်း ချိတ်ပိတ်လို့ရအောင်ဆိုပြီး အိမ်လိပ်စာတွေ ဖြန့်ဝေထားတာ ရှိနေပါတယ်။

Info Sheet 4 Human Rights က ထုတ်ထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဇူလိုင်ကနေ ဒီဇင်ဘာအထိ ပြည်နယ် လေးခုနဲ့ တိုင်းဒေသကြီး ခုနှစ်ခုတို့မှာ NLD ပါတီ အဖွဲ့ဝင်တွေ၊ အမတ်တွေနဲ့ ပါတီဝန်းရံသူ ၇၇ ဦး ရဲ့ နေအိမ်တွေ ချိတ်ပိတ်ခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...