ထောက်ပံ့မှုလျှော့နည်းလာ၍ ရခိုင်ကစစ်ဘေးရှောင်များ စားဝတ်နေရေးခက်ခဲလာ

ထောက်ပံ့မှုလျှော့နည်းလာ၍ ရခိုင်ကစစ်ဘေးရှောင်များ စားဝတ်နေရေးခက်ခဲလာ

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများသို့ ဒေသအခြေစိုက် NGO များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပရဟိတအသင်းအဖွဲ့များမှာ လာရောက်ကူညီမှုနည်းပါးလာသဖြင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးကျပ်တည်းလာနေကြသည်။

ယခင်နှစ်များက စစ်ဘေးရှောင်စခန်းများတွင် NGO အဖွဲ့အစည်းများ၊ ရခိုင်အရပ်ဘက် လူမှုအဖွဲ့စည်းများမှ ဆန်၊ ဆီ၊ ပဲ၊ အဝတ်အထည် စသည့်အခြေခံလိုအပ်ချက်တို့ကို လာရောက်ကူညီထောက်ပံ့မှုများရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ကူညီထောက်ပံ့မှုများမရှိတော့ကြောင်း စခန်းတာဝန်ရှိသူတို့က DMG ကို ပြောသည်။

“အရင်က အရပ်ဖက်အဖွဲ့စည်းတွေ၊ NGO တွေက လာထောက်ပံ့တာရှိတယ်။ အခုလူ/ကယ်ပြန်က လူတစ်ဦးကို ဆန်မနက် (၁)ဗူး၊ ည(၁)ဗူးကျစီပေးတယ်။ တခြားထောက်ပံ့ကူညီပေးတာတွေမရှိတော့ဘူး။ အလုပ်လုပ်နိုင်တဲ့သူတွေဆိုရင် တောင်တွေကိုတက် ထင်းတွေခုတ်ရောင်းပြီး အဲလိုမျိုးစားသောက်ကြရတယ်။ အလုပ်အကိုင်တွေကလည်း ရှားပါးလာတယ်။ အလုပ်မလုပ်နိုင်တဲ့အဘိုး၊အဘွားတွေကတော့ အခက်အခဲတွေအများကြီးပေါ့”ဟု ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသိန်းဝင်းကပြောသည်။

စေတီပြင်စစ်ဘေးရှောင်စခန်းတွင် ရသေ့တောင်မြို့နယ် မယူမြစ် အရှေ့ဘက် ရေစိုးချောင်း၊ အမျက်တောင်၊ မညင်းတောင်၊ ဆောက်ခတ်၊ ထီးစွဲ စသည့်ကျေးရွာတို့မှ လူဦးရေ(၁၀၀၀)ကျော် လာရောက်ခိုလှုံနေကြကြောင်း သိရသည်။

အလားတူ စစ်ဘေးရှောင်စခန်းများတွင် ယခင်ကဲ့သို့ အရပ်ဖက်အဖွဲ့စည်းများမှ ကူညီထောက်ပံ့မှုမရှိတော့ခြင်း၊ လက်ရှိခေတ်ကာလအခြေအနေအရ အလုပ်အကိုင်ရှားပါးလာခြင်းတို့ကြောင့်လည်း စစ်ဘေးရှောင်တို့မှာ စားဝတ်နေရေးပိုမိုကျပ်တည်းလာနေရကြောင်း ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်ရှိ စိန်ပြာ စစ်ဘေးရှောင်စခန်းမှ ဦးမောင်ထွန်းမြင့်က DMG သို့ပြောသည်။

“ကျနော်တို့စခန်းကို ရောက်တုန်းကတော့ လာပေးတာရှိတယ်။ အခု ဘယ်အရပ်ဖက်အဖွဲ့အစည်းကမှ မလာတော့ဘူး။ အစိုးရက ဆန်ပေးတယ်။ WFP ကတော့ လူတစ်ယောက်ကို တစ်လ ပိုက်ဆံတစ်သာင်းခွဲပေးတယ်။ ဒါပေမယ့် နေထိုင်စားသောက်ရတဲ့ စရိတ်တွေကစျေးကြီးတယ်။ အလုပ်အကိုင်ကလည်း ရှားပါးတယ်ဆိုတော့ လူတွေမှာလည်း မိသားစုပညာရေး၊ ကျန်းမာရေး အတွက်လည်း လုပ်ကိုင်ရှာဖွေရတယ်ဆိုတော့ အခက်ခဲတွေက ရှိကြတာပေါ့”ဟု ဦးမောင်ထွန်းမြင့်ကဆိုသည်။

‌လက်ရှိတွင် ထိုသို့ထောက်ပံ့မှုနည်းပါးသဖြင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးများခက်ခဲနေသောကြောင့် အလှူရှင်အဖွဲ့အစည်းများအနေဖြင့် ကူညီထောက်ပံ့မှုများပေးကြရန် စစ်ဘေးရှောင်များက တောင်းဆိုကြသည်။

ထိုသို့ကူညီထောက်ပံ့မှုလျှော့နည်းသွားခြင်းမှာ ပြည်နယ်တွင်း စီးပွားရေးကျဆင်းမှုနှင့်အတူ ပြည်တွင်း၊ပြည်ပမှအလှူချင်များလည်း ကူညီထောက်ပံ့မှုလျှော့နည်းသွားခြင်းကြောင့်ဖြစ်သည်ဟု အရပ်ဖက်အဖွဲ့အစည်းများနှင့် ကူညီပေးနေသူများကပြောသည်။

“ကျနော်တို့ ရခိုင်ပြည်မှာရှိတဲ့ပရဟိတအဖွဲ့တွေက စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ကူညီထောက်ပံ့ပေးတာ မရှိသလောက်နည်းပါးသွားတာတွေ့ရတယ်။ ကျနော်တို့အသင်းက စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ဖို့အတွက် ပြည်တွင်းပြည်ပက အလှူငွေတွေနည်းပါးသွားတဲ့အတွက် ကျ‌နော်တို့အဖွဲ့က မသွားတာပါ”ဟု သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှ ဥက္ကဋ္ဌ ကိုအမ်းသားကြီး DMG ကိုပြောသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ၂ နှစ်နီးပါးကြာ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဒေသခံအများအပြားစစ်ဘေးရှောင်ဘဝ ရောက်ရှိခဲ့ကြသည်။ သို့သော်လည်း တိုက်ပွဲရပ်တန့်နေသည့်အချိန်တွင် တစ်ချို့လည်း မိမိဒေသများသို့ နေရပ်ပြန်သွားကြသဖြင့် လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ(၇၀၀၀၀) ကျော် ကျန်ရှိတော့သည်

Most read this week

ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...
August 6, 2026
ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည့် ရခိုင်ပြည်အတွင်းရှိ မြို့နယ်များတွင် အွန်လိုင်းမှတစ်ဆင့် ငွေကြေး...