ကရင်ပြည်နယ်ရှိ စစ်ကောင်စီလက်နက်ကြီးစခန်းတစ်ခု သိမ်းပိုက်ခဲ့ဟု ရခိုင်အမျိုးသားကောင်စီ/ ရခိုင်ပြည်တပ်မတော် (ANC/AA)ပြော

ကရင်ပြည်နယ်ရှိ စစ်ကောင်စီလက်နက်ကြီးစခန်းတစ်ခု သိမ်းပိုက်ခဲ့ဟု ရခိုင်အမျိုးသားကောင်စီ/ ရခိုင်ပြည်တပ်မတော် (ANC/AA)ပြော

ကရင်ပြည်နယ်ရှိ စစ်ကောင်စီလက်နက်ကြီးတပ်စခန်းတစ်ခုကို ရခိုင်အမျိုးသားကောင်စီ၊ ရခိုင်ပြည်တပ်မတော်(ANC/AA)နှင့် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းကာ လျှပ်တပြက်ထိုးစစ်ဆင်ပြီးသိမ်းပိုက်နိုင်ခဲ့ကြောင်း ANC/AA တာဝန်ရှိသူက ပြောသည်။

“ကျနော်တို့မဟာမိတ်တပ်တွေ သိမ်းခဲ့တဲ့စခန်းကတော့ ကရင်ပြည်နယ်၊မြဝတီမြို့၊ ဖလူကျေးရွာရဲ ့ဘုရားကုန်းမှာရှိတဲ့ ရန်သူရဲ ့ယာယီလက်နက်ကြီးစခန်းတစ်ခုကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာက စစ်ကောင်စီနှင့် BGF အင်အား ၅၀၊ ၆၀ ဝန်းကျင်လောက် လက်နက်ကြီးယာယီစခန်းလုပ်ထားတာ။ ပတ်ဝန်းကျင်အနီးအနားတဝိုက်က နေရာတွေကို ပစ်ကူပေးဖို့အတွက် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်“ဟု ရခိုင်ပြည်တပ်မတော်(ANC/AA)မှ ဗိုလ်မှူးကြီးမင်းထွန်းက DMG ကိုပြောသည်။

အဆိုပါစခန်းမှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးကြီးကျေးရွာအပြင်ဖက် ကိုက်(၁၅၀၀)အကွာ၊ ဘုရားကုန်းရှိ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်(BGF)တပ်များ ယာယီစခန်းချထားသည့် ယာယီလက်နက်ကြီးပစ်ကူစခန်းတစ်ခုဖြစ်ကာ ယမန်နေ့ ဖေဖော်ဝါရီလ(၁၆)ရက်နေ့ ညနေ(၄)နာရီကျော်က ရခိုင်ပြည်တပ်မတော်(ANC/AA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA) တပ်ရင်း(၂၇) တပ်ခွဲ(၂)နှင့် PDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင်လည်း စစ်ကောင်စီဖက်မှထိုးစစ်ဆင်လာမည့် အခြေနေကိုစောင့်ကြည့်ကာ ပြန်လည်တိုက်ခိုက်ရန်ပြင်ဆင်ထားကြောင်း ဗိုလ်မှူးကြီးမင်းထွန်းက DMG ကိုဆက်ပြောသည်။

“ကျနော်တို့ကပြောက်ကျားလှုပ်ရှားပြီးမှ လျှပ်တစ်ပြတ်ထိုးစစ်ဆင်ပြီးတော့ စခန်းသိမ်းခဲ့တဲ့သဘောမျိုးဖြစ်တယ်။ စခန်းမှာလည်း ကျနော်တို့က သူတို့ရဲ့အင်အားအရ ကြာရှည်အချိန်ဆွဲပြီးတော့ နေဖို့တော့မရဘူး။ အမြန်သိမ်း အမြန်ဆုတ်တဲ့သဘောပဲဖြစ်တယ်။ ကျနော်တို့က ကိုယ့်နေရာကိုယ်ယူပြီးတော့မှ သူတို့ဆီက ထိုးစစ် ဘယ်လိုပုံစံမျိုးနဲ့လုပ်လာမယ်ဆိုတာကို အသင့်အနေထားစောင့်ကြည့်နေတယ်“ဟု ဆိုသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၂၀)မမ စိန်ပြောင်း (၁)လက်၊ (၆၀)မမ စိန်ပြောင်း(၁)လက်၊ RPG (၂)လက်၊ စက်လက်နက် (၁)လက်၊ လက်နက်ငယ်(၁)လက်၊ ဆက်သွယ်ရေးစက် (၁)လုံးအပါအဝင် ကျော်ပိုးအိတ်အလုံး (၂၀)ခန့်နှင့် အရာရှိအသုံးပြုသည့်ဖုန်းများအား သိမ်းဆည်းရမိပြီး ထိခိုက်ကျဆုံးသည့် စစ်ကောင်စီတပ်သားအများအပြားရှိခဲ့သည်ဟုလည်း ရခိုင်ပြည်တပ်မတော်(ANC/AA)မှ ထုတ်ပြန်ထားသည်။

ထို့အတူ ဖလူးကျေးရွာနှင့် လေးကေ့ကော်မြို့နယ် အနီးတဝိုက်တွင် ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှစတင်၍ တိုက်ပွဲများကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး အင်အားတိုးချဲ ့လာသော စစ်ကောင်စီတပ်များအား မဟာမိတ်တပ်ဖွဲ ့များပူးပေါင်း၍ ပြောက်ကျားနည်းဗျူဟာဖြင့် ဝိုင်းရံပိတ်ဆို့ပြီး တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းအား DMG မှ ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ANC/AA မှာ ကရင်ပြည်နယ်တွင်အခြေစိုက်ပြီး လက်ရှိစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည်။

Most read this week

ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...
August 6, 2026
ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည့် ရခိုင်ပြည်အတွင်းရှိ မြို့နယ်များတွင် အွန်လိုင်းမှတစ်ဆင့် ငွေကြေး...
(CINCDS) မတ်လ ၁၃ ရက်နေ့က တွေ့ရသည့် မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်များ
August 5, 2026
ရခိုင်ပြည်နှင့် နယ်စပ်ဒေသ မြေပြင်တိုက်ပွဲများတွင် အကျအဆုံးများပြားနေသည့် စစ်တပ်သည် ရခိုင်ဒေသဘက်...