ကျုံဒိုး ကရင့်ရိုးရာမီးပုံပွဲ လောင်းကစားဝိုင်းများသာ စည်ကား၊ ဒေသခံများ ဝေဖန်နေ

ကျုံဒိုး ကရင့်ရိုးရာမီးပုံပွဲ လောင်းကစားဝိုင်းများသာ စည်ကား၊ ဒေသခံများ ဝေဖန်နေ

နှစ်စဉ် ကျင်းပလေ့ရှိသည့် ကျုံဒိုးမြို့နယ်လုံးကျွတ်မီးပုံပွဲသည် ကရင့်ရိုးရာ၊ ယဉ်ကျေးမှုနှင့် ဘာသာရေးကို ပေါင်းစပ်သည့်ပွဲတော် တစ်ခုဖြစ်သော်လည်း ယခုနှစ်ကျရောက်သည့် ၁၉၆ကြိမ်မြောက် ကျုံဒိုးမီးပုံပွဲတွင် လောင်းကစားဝိုင်းများဖြင့်သာ စည်ကားစွာ ထည့်သွင်းကျင်းပနေသဖြင့် ဒေသခံပြည်သူများအကြား ဝေဖန်မှု မြင့်တက်လျက်ရှိသည်။

ကျုံဒိုးမီးပုံပွဲကို ဖေဖော်ဝါရီလ ၈ရက်မှ စတင်ဖွင့်လှစ်ကာ ဖေဖော်ဝါရီလ ၁၅ရက်၊ တပို့တွဲ လပြည့်နေ့အထိ ရက် သတ္တပတ်ကြာ ကျင်းပမည်ဖြစ်သော်လည်း ဖွင့်ပွဲမတိုင်မီတွင် ဇန်နဝါရီလ ၁၉ရက်နေ့ကတည်းက နယ်ခြားစောင့် တပ်-BGF တပ်နယ်(၄) တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်က ဦးစီး၍ ပွဲတော်အကြိုအနေဖြင့် ကြိုဖွင့်လှစ်ထားကာ ဇာတ်ပွဲ၊ စတိတ်ရှိုးအပြင် လောင်းကစားဝိုင်းများ၊ ဂိမ်းရုံများကို ဖွင့်လှစ်ခွင့်ပြုခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယခုအချိန်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ မျိုးကွဲသစ် အိုမီခရွန်မှာ နိုင်ငံအတွင်း ကူးစက်မှုမြင့်မားလာနေသဖြင့် ကပ်ရောဂါ ကျန်းမာရေးဆိုင်ရာ ထည့်မတွက်ဘဲ ပွဲတော်စည်ကားရေးကိုသာ အဓိကထား၍ စီစဉ်ကျင်းပနေသည့်အတွက် ဒေသခံအများစုက ပွဲခင်းဘက် သွားလာရမည်ကို စိုးရိမ်နေကြကြောင်း အမည်မဖော်လိုသူ ကျုံဒိုးဒေသခံ အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

“အခု လုပ်နေတာတွေက ရိုးရာ မီးပုံပွဲဆိုပေမယ့် စီးပွားရေး သိပ်ဆန်လွန်းတယ်။ လောင်းကစားမျိုးစုံနဲ့ ဂိမ်းရုံတွေပါဖွင့် ပြီး ဒေသလူထုရဲ့ငွေတွေကို လိမ်ညာယူနေကြတယ်။ နစ်နာနေတဲ့ ပြည်သူတွေဘက် သူတို့ မကြည့်ဘူး။ အဲ့ဒါကြောင့် သူတို့လုပ်တဲ့ ပွဲခင်းကို မသွားဘူး။ ကျမတို့က ကရင်ရိုးရာပွဲဖြစ်ပြီး ရိုးရာကန်တော့ရမှာမို့ မီးပုံကန်တော့ပွဲတော့ သွား ကန်တော့ကြမယ်။”ဟု ၎င်းဒေသခံအမျိုးသမီးက ပြောသည်။

လူအများစုမှာ နှာခေါင်းစည်းမတပ်ကြသူများလည်း ပွဲဈေးကို တိုးကြိတ်ကာ သွားရောက်နေကြသည့်အတွက် ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မည်ကိုကြောက်ကြောင်း၊ ကူးစက်မှုများလည်း ထပ်မံ ဖြစ်ပွားနေသည့်အပြင် မိမိအရပ်ဒေသတွင် ဗုံးပေါက်ကွဲမှုများ၊ တိုက်ပွဲများ မည်သည့်အချိန် ဖြစ်ပွားမည်ကိုလည်း ကြိုတင် မသိနိုင်သည့်အတွက် စိုးရိမ်မှုရှိကြောင်းလည်း သူမက ဆက်လက် ပြောဆိုခဲ့သည်။

ကိုဗစ်ပိုး မျိုးကွဲသစ် အိုမီခရွန်တွေ့ရှိမှု မြင့်မားလာသည့်အတွက် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးကရင်ရိုး ရာ မီးပုံပွဲတော်ကို လူစုလူဝေးဖြင့် ဆောင်ရွက်နေခြင်း၊ ပွဲတော်ကျင်းပသည့် ကွင်းထိပ်မုခ်ဦး ပတ်ဝန်းကျင်တွင် ရိုးရာမီးပုံပွဲ အခင်းအကျင်းများအား ပေါ်လွင်စေသည့် အပြင်အဆင်များ၊ ကရင့်ရိုးရာယဉ် ကျေးမှုပြခန်းများ မရှိဘဲ BGF တပ် နယ်(၄) ခေါင်းဆောင် ဗိုလ်မှူးမုတ်သုန်နှင့် အာဏာသိမ်း စစ်ကောင်စီအဖွဲ့ ပိုစတာ ဗွီနိုင်းများကိုသာ ဆိုင်းဘုတ်ထောင် ပြသထားသည့်အတွက် ၎င်းတို့ဩဇာသက်ရောက် ရေး ရိုးရာပွဲတော်ကို အကြောင်းပြ လုပ်ဆောင်နေကြောင်း ဒေသခံ များအကြား ဝေဖန်မှတ်ချက်ပေးနေကြသည်။

ကျုံဒိုးချောင်းဖျားဒေသမှ ရွာသားတစ်ဦးက “အခုချိန်မှာ ကျုံဒိုးနယ်ရဲ့ ရိုးရာအရ မီးပုံပွဲကျင်းပတာမျိုးပဲ ဖြစ်သင့်ပါ တယ်။ ဘာလို့လဲဆိုရင် ဒီနယ်တစ်ဝိုက်မှာက တိုက်ပွဲတွေပြန်ဖြစ်နေတယ်။ လူတွေ စစ်ဘေးရှောင် နေကြရတယ်။ အိုးအိမ်ပစ်ပြီးတော့ နေနေရတယ်။ ကိုဗစ်ရောဂါက အခုဆို ပိုးအသစ်တစ်မျိုး ဖြစ်ပေါ်နေတာကြောင့် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ထားသင့်တယ်လို့ မြင်မိတယ်။ ဒါတွေကို လျစ်လျူရှုပြီးတော့ ပွဲတော်နဲ့ စီးပွားရှာနေကြတာ မြင်ရတော့ ကြာလာရင် ကရင့်ရိုးရာကို စီးပွားရေးလုပ်စားသူတွေ ဩဇာလွှမ်းမိုးလာမှာ စိုးရိမ်မိတယ်။”ဟု ပြောဆိုသည်။

ကရင့်ရိုးရာ မီးပုံပွဲမှာ ကရင့်ရိုးရာ၊ ယဉ်ကျေးမှုနှင့် ရှေးဘိုးဘွားကရင်လူမျိုးတို့၏ ကိုးကွယ် ယုံကြည်မှုနှင့် ဘာသာရေး ကို ပေါင်းစပ်ပြီးကျင်းပသည့် ပွဲတော်တစ်ခုဖြစ်သည်နှင့်အညီ တပို့တွဲလပြည့် အရုဏ်တက်ချိန်တွင် မီးပုံတိုင် မီးရှို့ပူဇော် မှုအား တလခုံး ဘာသာဝင် အဘိုးအဘွားများ၊ နယ်မြေခံ ဆရာတော် သံဃာတော်ကြီးများ ဦးဆောင်ကာ ရိုးရာမပျက် လုပ်ဆောင်သွားရန် စီစဉ်နေကြသည်။

သို့သော်လည်း ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုး မျိုးကွဲသစ် ကူးစက်နှုန်း မြင့်မားလာနေ ခြင်းတို့ကြောင့် ယခင်နှစ်များလောက် မီးပုံတိုင် ပူဇော်ကန်တော့သူ အများအပြား လာရောက်ခြင်းမရှိသေးဘဲ ယနေ့ အဖိတ်နေ့(လပြည့်နေ့မတိုင်ခင်) ပူဇော်ကန်တော့သူ နည်းပါးနေသေးကြောင်း သိရသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...