လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲတွေ ပြန်လည်စတင်

လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲတွေ ပြန်လည်စတင်

ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်မှာ ဖေဖော်ဝါရီလ ၁၃ရက်နေ့ညပိုင်းကစတင်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး မြို့ပြတိုက်ပွဲတွေပြန်လည်စတင်လာပြီလို့ KNDF ပြောရေးဆိုခွင့်ရှိသူတွေကဆိုပါတယ်။

လွိုင်ကော်ထောင်ရှိရာ ဒေါဥခူရပ်ကွက်ဝန်းကျင်မှာ ယမန်နေ့ညက ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပြီး  ထေးငှါးလျား ရပ်ကွက်မှာ အိမ်တစ်လုံး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

“ညက လွိုင်ကော်ထောင်နားမှာ ပစ်သံတွေကြားရပါတယ်။ လက်နက်ကြီးသံတွေပိုကြာယရတယ်ဒီတစ်ခါ။ မနေ့နေ့လည်လောက်ကတည်းက လွိုင်ကော်မှာ လေယာဥ်တွေဝဲနေတာ”လို့ လွိုင်ကော်မြို့ခံတစ်ဦးက ဆိုပါတယ်။

လက်ရှိတွင် ခေါနုရပ်ကွက်အတွင်း ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးဘဲ စစ်ကောင်စီက ပိုက်စိတ်တိုက်ရှာဖွေတာတွေလုပ်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

ည၈နာရီခွဲအချိန်ခန့်ကစတင်တဲ့ တိုက်ပွဲဟာတစ်နာရီလောက်အကြာမှာ  ပစ်ခတ်သံတွေစဲသွားတယ်လို့သိရပါတယ်။

အဲဒီတိုက်ပွဲကြောင့် နှစ်ဖက်အကျအဆုံးကို မသိရသေးပါဘူး။

ယမန်နေ့ည မနက် ၁၀နာရီခန့်ကလည်း ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်က ပါဒေါဒူကျေးရွာ နာရေးအိမ်တစ်ခုကို စစ်ကောင်စီတပ်တွေက ဒရုန်းနဲ့ဗုံးကြဲခဲ့ပါသေးတယ်။

ဗုံး(၁၃)လုံးခန့်အသုံးပြုပြီး နာရေးအိမ်ကို တိုက်ခိုက်ခဲ့တာကြောင့် နာရေးအိမ်အပါအဝင် အခြားအိမ် ၃လုံးလည်းပျက်ဆီးခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့သူ မရှိခဲ့ပါဘူး။

စစ်ကောင်စီတပ်တွေက ကယားပြည်နယ်ကို အမြဲလိုလိုကင်းထောက်နေပြီး လူစုလူဝေးတွေ့လို့ အခုလိုတိုက်ခိုက်တာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက သုံးသပ်ထားပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ ဇန်နဝါရီ ပထမပတ်ကစပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာတွေ၊ လေယာဥ်နဲ့ ဗုံးကြဲတာတွေကြောင့် ဒေသခံ သိန်းနဲ့ချီစစ်ဘေးရှောင်နေကြရပါတယ်။

ဖေဖော်ဝါရီလ အစပိုင်းကစပြီး လွိုင်ကော်မြို့ပေါ်ကို နေရပ်ပြန်စစ်ဘေးရှောင်တချို့ရှိခဲ့ပါတယ်။

စစ်ကောင်စီကလည်း နေရပ်ပြန်ဖို့ဖိတ်ခေါ်နေပေမဲ့ မြို့ပြတိုက်ပွဲတွေထပ်ရှိလာနိုင်လို့ နေရပ်မပြန်ဖို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးတာမြစ်ထားပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...