မစ္စယန်ဟီးလီ စစ်တွေသို့ ရောက်ရှိလာစဉ် လူ ၂၀၀ ခန့် ဆန္ဒပြ

မစ္စယန်ဟီးလီ စစ်တွေသို့ ရောက်ရှိလာစဉ် လူ ၂၀၀ ခန့် ဆန္ဒပြ
by -
စံမောင်သန်း/နိရဥ္စရာ
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူအခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီသည် ရခိုင်ပြည်နယ် စစ်တွေလေဆိပ်သို့ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၉ နာရီ ခွဲကျော်တွင် မြန်မာ့လေကြောင်းလိုင်းဖြင့် ရောက်ရှိလာခဲ့ရာ လူ ၂၀၀ ခန့်က ဆန္ဒပြခဲ့ကြသည်။

ယင်းဆန္ဒပြပွဲကို စစ်တွေအခြေစို်က် ရက္ခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများ အဖွဲ့က ဦးဆောင်၍ လေယာဉ်ကွင်း အဝင်ဝ အလိုတော်ပြည့် ဘုန်းတော်ကြီး ကျောင်းရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကုလသမဂ္ဂက စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေဟာ ဘင်္ဂလီတွေကို ဦးစားပေးပြီးတော့ ရခိုင်တွေကို အမြဲတမ်းပဲ ခွဲခြားဆက်ဆံတယ်။ သူတို့ ရောက်လာတိုင်း ရောက်လာတိုင်းမှာ ဘင်္ဂါလီအရေးဟာ ပိုပြီးတော့ ကြီးထွား လာတယ်။ မြန်မာနိုင်ငံအပေါ်မှာရော ကျမတို့ ဒီရခိုင်ပြည်သူ လူထုအပေါ်မှာရော ဘင်္ဂါလီ အကြမ်းဘက်မှုတွေ ပိုပြီးတော့ များလာတယ်။ အဲ့ဒါကြောင့် မို့လို့ သူတို့ မလာလေ ကောင်းလေပဲဆိုပြီး ဆန္ဒပြရတာ ဖြစ်ပါတယ်”ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ ရက္ခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က ပြောသည်။

မစ္စယန်ဟီးလီသည် ရခိုင်တိုင်းရင်းသားများ အကျိုးကို မလုပ်ပေးသည့်အပြင် သူ့ခရီးစဉ်ကြောင့် ရခိုင်တိုင်းရင်းသားများအတွက် ဆိုးကျိုးများကိုသာ သက်ရောက်စေကြောင်း သူမက ပြောသည်။

“သူမ (ယန်ဟီးလီ) ပြောတဲ့စကားတွေက ဘင်္ဂါလီတွေဟာ ရခိုင်တွေဆီမှာ အကြမ်းဘက် ခံနေရတယ်လို့ ဆိုပါတယ်။ အမှန်မှာတော့ ဒီကျမတို့ မြန်မာနိုင်ငံသားတွေရော၊ ကျမတို့ ရခိုင်ပြည်နယ်မှာရော အဲဒီဘင်္ဂါလီတွေဆီမှာ အကြမ်းဘက်မှုတွေကို ခံနေရတာပါ။ မောင်တောဘက်မှာ ဆိုရင်လည်း ဘင်္ဂါလီတွေက အခုထိ အကြမ်းဘက်နေတုန်းပဲ”ဟု ဒေါ်ကျော့စိန်က ပြောသည်။

ဆန္ဒပြပွဲတွင် ပါ၀င်သူ ဦးမောင်ဆန်းဌေးကလည်း မစ္စယန်ဟီလီလာသည့်အခါတိုင်း ဒေသခံရခိုင်လူမျိုးအတွက် လုပ်ပေးခြင်းမရှိဘဲ ဘင်္ဂလီလူမျိုးများအတွက်သာ ဘက်လိုက်ပြီး လုပ်ဆောင်ပေးနေသည့်အတွက် လာရောက် ဆန္ဒ ထုတ်ဖေါ်ရခြင်း ဖြစ်ပြီး ကုလသမဂ္ဂအနေဖြင့် ရခိုင်တိုင်းရင်းသားများအတွက် မျှမျှတတဖြင့် တိုးတက်ရာ တိုးတက်ကြောင်းကိုသာ လုပ်ပေးစေချင်သည်ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယနေ့ဆန္ဒပြပွဲတွင် စစ်တွေခရိုင်ရဲမှူးကြီးကိုယ်တိုင် ကြီးကြပ်ကွပ်ကဲ၍ ရဲအင်အား ၁၀၀ ခန့် ချပေးထားသည်ကို တွေ့ရှိရသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းလည်း ရောက်ရှိလာပြီး ဆန္ဒပြပွဲ အဆင်ပြေ ချောမွေ့စေရေးအတွက် ဆန္ဒပြပွဲကို ဦးဆောင်သူများနှင့် ရဲဘက်မှ လုံခြံုရေးတာဝန်ရှိသူတို့အကြား ညှိနှို်းဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိရသည်။

မစ္စယန်ဟီးလီကားတန်း စစ်တွေလေဆိပ်မှ ဆန္ဒပြသူများကို ဖြတ်ကျော်စဉ် “Yanhee Lee Get Out”ဟု ဆန္ဒပြသူများက ကြွေးကြော်ခဲ့ကြသည်။

ယနေ့ဆန္ဒပြပွဲတွင် ဆူပူမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်မှု တစ်စုံတရာ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ဆန္ဒပြပွဲကို နံနက် ၁၀ နာရီခန့်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

မစ္စယန်ဟီလီ၏ ယခုခရီးစဉ်သည် ဆဋ္ဌမအကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး ယနေ့ နံနက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံပြီးနောက် ဘူးသီးတောင်၊ မောင်တောဘက်သို့ ဆက်လက် ထွက်ခွာသွားမည်ဟု သိရှိရသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...