UN၏ ရခိုင်အရေး ချဉ်းကပ်ဖြေရှင်းမှု မှားယွင်းနေကြောင်း ကျောက်ဖြူတွင် ယန်ဟီးလီအား တင်ပြ

UN၏ ရခိုင်အရေး ချဉ်းကပ်ဖြေရှင်းမှု မှားယွင်းနေကြောင်း ကျောက်ဖြူတွင် ယန်ဟီးလီအား တင်ပြ
by -
ကျော်ဝင်း/နိရဥ္စရာ
 ဓာတ်ပုံ- PALACE HOTEL တွင် ဒေသခံများနှင့်တွေ့ဆုံနေပုံ
ဓာတ်ပုံ- PALACE HOTEL တွင် ဒေသခံများနှင့်တွေ့ဆုံနေပုံ
ကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် ရခိုင်အရေး ချဉ်းကပ် ဖြေရှင်းရာတွင် မှားယွင်းမှုရှိနေကြောင်း မစ္စယန်ဟီးလီအား ကျောက်ဖြူခရီးစဉ်တွင် တင်ပြ ခဲ့သည်ဟု သိရသည်။

ဇူလိုင်လ ၁၁ ရက်နေ့က ကျောက်ဖြူကို ရောက်ရှိလာခဲ့သည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီအရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီနှင့် ကျောက်ဖြူ ဒေသခံတို့ တွေ့ဆုံစဉ် ထိုသို့ တင်ပြခဲ့ကြခြင်း ဖြစ်သည်။

ရခိုင်ပြည်ပြသနာကို UN ဘက်က ချဉ်းကပ်ပုံမှားနေကြောင်း တင်ပြခဲ့ပုံကို ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းမှ ဦးထွန်းကြည်က ယခုလို ပြောဆိုသည်။

‘‘ UN ဘက်က ချဉ်းကပ်ပုံမှားနေတယ်လို့မြင်တယ်။ ဒီပုံစံမျိုးချဉ်းကပ်မယ်ဆိုရင် ယုံကြည်မှု ရရှိမှာ မဟုတ်ဘူး။ UN လက်ရှိသွားနေတဲ့ဖြစ်စဉ်ကို ရခိုင် လူထု အများစုက ယုံကြည်မှု မရှိဘူး။ ရခိုင်လူထုသည် နိုင်ငံသားဖြစ်တယ်။ ဌာနေ တိုင်းရင်းသားတွေဖြစ်တယ်။ UN သည် ပထမဆုံးအနေဖြင့် ရခိုင်လူထု လက်ခံ နိုင်အောင် ယုံကြည်မှုကို စတင် တည်ဆောက်ဖို့လိုတယ်။ UN သွားတဲ့နေတဲ့ Processကို ရခိုင်လူထုလက်ခံနိုင်အောင် Work Plan ကို ပြန်ဆွဲဖို့လိုတယ်။ ဒါဟာ နိုင်ငံရေးပြသနာဖြစ်တဲ့အတွက် ကိုယ်စားပြုတဲ့ ရခိုင်ပညာရှင်တွေကို ထည့်သွင်းဖို့ လိုတယ်လို့ တင်ပြခဲ့ပါတယ်’’ဟု သူကပြောသည်။

ဆက်လက်ပြီး ဦးထွန်းကြည်က ‘‘ ဒီနေ့ထိ ဒီလိုချဉ်းကပ် ဖြေရှင်းလို့ ပြသနာ ပြေလည်သွားသလား။ ဘယ်သူတွေ အကျိုးအမြတ်ရလိုက်ပြီလဲ။ အခုအချိန်ထိ UN လည်းမရဘူး။ ဘင်္ဂလီတွေလည်းမရဘူး။ ရခိုင်တွေလည်းမရဘူး ဆိုတော့ ဒါဟာ အဖြေမဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။ ဒီလို ပုံစံမျိုးနဲ့ ဒီပြသနာကို UN ဘက်က ချဉ်းကပ် ဖြေရှင်းရင် ဘယ်တော့မှ အဖြေ မရနိုင်ဘူး။ ဆူပူမှုကိုပဲ ဦးတည် နိုင်တယ်လို ့မြင်တယ်။ သူတို့ ဖြေရှင်းနေတဲ့ လမ်းကြောင်းကို ပြန်လည် ဆန်းစစ်ဖို့လိုအပ်တဲ့အကြောင်းကို တင်ပြခဲ့ပါတယ်” ဟု နိရဥ္စရာသို့ ပြောဆိုသည်။

နိုင်ငံသားဖြစ်မှုပြသနာ ချဉ်းကပ် ဖြေရှင်းရန် လိုကြောင်း၊ နိုင်ငံသားဖြစ်မှုကို ဦးမတည်သည့် အပေါ် အဓိက မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ နိုင်ငံရေးအရ ဘယ်လိုဖြေရှင်းသင့်သည်ကို အဖြေရှာရန် လိုကြောင်း၊ ပြသနာကို ကြားဝင်ပြီး လူမျိုးရေး၊ ဘာသာရေးယောင်ယောင် ဖြေရှင်း၍ အဖြေ ရနိုင်မည် မဟုတ်ကြောင်း ဦးထွန်းကြည်က ထောက်ပြပြောဆိုသည်။

မစ္စယန်ဟီးလီသည် ကျောက်ဖြူခရီးစဉ်တွင် ပိုက်လိုင်း စီမံကိန်းကြောင့် ထိခိုက် ခံရသူများ၊ အထူးစီးပွားရေးဇုန်ဧရိယာမှ လယ်သမားများ၊ အရပ်ဘက်အ ဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၄ ဦး နှင့် ကျောက်ဖြူ PALACE HOTEL ၌ ညနေ ၄ နာရီခန့်တွင် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဘင်္ဂလီပြသနာ၊ ပိုက်လိုင်းစီမံကိန်းကြောင့်သက်ရောက်မှု၊ ရေနံတင်သင်္ဘောကြောင့် ရေလုပ်ငန်းထိခိုက်ခံရသောအခြေအနေ၊ အထူး စီးပွားရေးဇုန်နှင့် ရင်းနှီးမြှုပ်နှံမှု စသည့် ကဏ္ဍ(၄)ခုကို ဆွေးနွေးခဲ့ကြသည်။

မဒဲကျွန်းဒေသခံတစ်ဦးဖြစ်သူ ကိုမောင်မောင်မြင့် က ‘‘ မဒဲကျွန်းမှာ စီမံကိန်းတွေ လုပ်နေပေမယ့် မြေယာ ဆုံးရှုံးမှု ရှိတဲ့အပြင် အလုပ်ကိုင်အကိုင်လည်း မရရှိကြဘူး။ ဒေသဖွံံ့ဖြိုးရေးလည်းမရှိဘူး။ မြေယာပြသနာလည်း ခုထက်ထိရှိနေတာတွေ့ရတယ်။ အခုဆိုရင် တရုတ်ရေနံတင်သင်္ဘောတွေ ၀င်ထွက်သွားလာနေတဲ့အတွက် ကျောက်ဖြူ မြစ်ကြောင်းတစ်လျှောက်မှာ လုပ်ကိုင်စားသောက်နေတဲ့ ရေလုပ်သား (၄၀၀)လောက် ငါးဖမ်းခွင့်မရရှိဘဲ အခက်အခဲ ဖြစ်နေတဲ့ အကြောင်းတွေကို တင်ပြခဲ့ပါတယ်’’ဟု ပြောဆိုသည်။

အထူးစီးပွားရေးဇုန်နှင့် သယံဇာတစီမံကိန်းများနှင့်ပတ်သက်ပြီး ဦးထွန်းကြည်က ‘‘SEZသည် အစိုးရ၏ ပွင့်လင်းမြင်သာမှုနဲ့ တည်ဆဲဥပဒေတွေက ဒေသနဲ့ သဟာဇာတ မဖြစ်တာဟာ အဓိက စိန်ခေါ်မှုဖြစ်တယ်။ SEZ ဥပဒေတွင်လည်း အားနည်းချက်တွေ အများအပြားရှိနေပြီး ပြောင်းရွေ့ခံရမယ့်သူတွေအတွက် ဘယ်သူက တာဝန်ယူမလဲ။ SEZ မှာ ဗဟိုတစ်ခုတည်းက လုပ်ပိုင်ခွင့်ကို ချုပ်ကိုင် ထားတဲ့အတွက် အသေးစား လူ့အခွင့်အရေးချိုးဖောက်မှု၊ အလုပ်သမား အခွင့် အရေးက အစ နေပြည်တော်က ဖြေရှင်းမလိုဖြစ်နေတာဟာ ဘယ်လိုမှ အဆင် မပြေနို်င်သေးဘူး။ SEZ ကြောင့် ရခိုင်လူထုအကျိုးခံစားခွင့် ဘယ်လောက် ရှိမလဲ။ ရခိုင်လူထု အကျိုးခံစားခွင့်ဘာမှရှိမနေတဲ့အတွက် လက်ရှိရွှေဂတ်စ်ကို ကျနော်တို့ ဆုံးရှံုးနေကြရပြီ။ ဒါဟာ ဖွဲ့စည်းပုံရဲ့ အားနည်းချက်ဖြစ်တယ်။ ဒါကိုပြင်ဖို့လိုတယ်။ နိုင်ငံရေး အပြောင်းအလဲ မလုပ်နိုင်သေးခင်မှာ ဘာစီမံကိန်းမှ မတည် ဆောက်သင့်ဘူးလို့ တင်ပြခဲ့ပါတယ်” ဟု ပြောသည်။

တက်ရောက်လာသူ ကျောက်ဖြူ ဒေသခံများက ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီး မြေယာကို ယခုချိန်ထိ ကုမ္ပဏီဘက်မှ တာဝန်ယူဖြေရှင်းမပေးသေးကြောင်း နောက်ထပ် လာမည့်စီမံကိန်းကိုလည်း ယုံကြည်ဖို့ခက်ခဲနေကြောင်း တင်ပြ ခဲ့ကြသည်ဟု ဆိုသည်။

မစ္စယန်ဟီးလီသည် ကျောက်ဖြူမြို့သို့ မွန်းတည့် ၁၂း၃၀ နာရီခန့်တွင် ရောက်ရှိ လာပြီး ကျောက်ဖြူ မြို့နယ်နှင့် ခရိုင်အဆင့် တာဝန်ရှိသူများနှင့်လည်း ခရိုင်ထွေအုပ်ရုံးတွင် တွေ့ဆုံခဲ့သည်။

နေ့လယ် ၂ နာရီခန့်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်ဧရိယာမှ ဒေသခံ လယ်သမားများနှင့် ကျောက်ဖြူမြို့၏ တောင်ဘက်(၁၁)မိုင်ခန့် အကွာအဝေးတွင် ရှိသော တောင်သူလယ်သမား တိုးတက်ရေး အသင်းရုံးတွင် တွေ့ဆုံခဲ့သည်။

‘‘ SEZ စီမံခန့်ခွဲမှုကော်မတီကို တင်ပြတဲ့အတိုင်းပဲ တင်ပြလိုက်ပါတယ်။ လျော်ကြေး၊ မြေယာအစားထိုးပေးရေးနဲ့ ပြောင်းရွေ့ခံရမယ့် အရေးတို့ကို တင်ပြလိုက်ပါတယ်။ သူကတော့ နေပြည်တော်ရောက်ရင် လူကြီးတွေကို ပြောပြေပေးမယ်လို့ ပြောသွားပါတယ်’’ဟု တောင်သူလယ်သမားတိုးတက်ရေးအသင်းမှ ကိုလှသိန်း ကပြောသည်။

မစ္စယန်ဟီလီသည် ပြင်ဖြူမော် ရခိုင်ကယ်ဆယ်ရေးစခန်းနှင့် ကျောက်တလုံး ဘင်္ဂလီကယ်ဆယ်ရေးစခန်းများကိုလည်း သွားရောက်ခဲ့သည်။ မစ္စယန်ဟီလီသည် ဇူလိုင်လ(၁၂)ရက်နေ့တွင် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော သို့သွားရောက်မည်ဟုသိရသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...