ပြောင်းတင်ကားများ အဝင်အထွက်များခြင်းကြောင့် မြဝတီမြို့တွင် ရာနှင့်ချီ၍ယာဉ်ကြောပိတ်ဆို့မှုဖြစ်

ပြောင်းတင်ကားများ အဝင်အထွက်များခြင်းကြောင့် မြဝတီမြို့တွင် ရာနှင့်ချီ၍ယာဉ်ကြောပိတ်ဆို့မှုဖြစ်

ပြောင်းထွက်ရာသီဖြစ်သည့်အတွက် ပြောင်းဆန်တင်ဆောင်သည့် ထိုင်းကုန်တင်ကားများ အဝင်အထွက်များခြင်းကြောင့်  မြဝတီမြို့တွင် ရာနှင့်ချီ၍ ယာဉ်ကြောပိတ်ဆို့မှုများ နေ့စဉ်လိုလို ဖြစ်နေကြောင်း သိရသည်။

ယခုလ ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့လယ်ယာ ထွက်ကုန် ပြောင်းဆန်များကို မြဝတီနယ်စပ်မှ တဆင့် ထိုင်းသို့ အလုံးအရင်းဖြင့် တင်ပို့လျက်ရှိသည်။

ထိုသို့တင်ပို့ရာတွင် မြန်မာပြည်အနယ်အရပ်ရပ်မှ ထွက်ရှိလာသော ပြောင်းဆန်များကို မြဝတီမြို့ အာရှလမ်းနံဘေးရှိ ကုန်လှောင်ဝင်းများတွင် သိုလှောင်ထားပြီး ယင်းပြောင်းဆန်များကို ထိုင်းနိုင်ငံဘက်ခြမ်းမှ ကုန်တင်ယာဉ်များဖြင့် လာရောက် တင်ယူနေကြခြင်း ဖြစ်သည်။

“ဒီရက်ထဲ မြဝတီမြို့ပြင်နားမှာ ထိုင်းကားတွေအဝင်အထွက်များတဲ့အတွက် ရာနဲ့ချီတဲ့ ယာဉ်ကြောပိတ်မှုတွေက နေ့စဉ်လိုလိုဖြစ်နေတာပေါ့။ မြန်မာဘက်က ပြောင်းဆန်တွေ လာသယ်တဲ့ ထိုင်းကားတွေ တစ်ရက်ကို အစီးရေ ၂၀၀ ကျော်ခန့် အဝင်အထွက် လုပ်နေတာလေ။ အဓိကကတော့ပြောင်းဆန်သိုလှောင်ရုံတွေရှိတဲ့ မြဝတီ အာရှလမ်း မြေနီကုန်းအလွန်နဲ့ ကုန်သွယ်ရေးဇုန်ကြားမှာ ယာဉ်ကြော ပိတ်ဆို့မှုက အတော်လေးကို အခြေအနေ ဆိုးတယ်” ဟု မြဝတီဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် သိုလှောင်ဝန်းထဲရှိ မြေကြီးနှင့် ရွှံဗွက်များသည် ကားဘီးတွင် ကပ်ပါလာပြီး လမ်းပေါ်ပေကျံနေသောကြောင့် လမ်းမပေါ်တွင် ဖုန်မှုန့်များ အလိမ်းလိမ့်ဖြစ်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

နှစ်စဉ် ဖေဖော်ဝါရီလ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်နေ့ထိ မြန်မာ့လယ် ယာထွက်ကုန် ပြောင်းဆန်များကို ထိုင်းသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရ၍ နေ့စဉ်ကား အစီးရေ ၂၀၀ ကျော်ခန့် တင်ပို့လျက်ရှိသည်။ ထိုင်းတွင် ပြောင်းထွက်ချိန် စက်တင်ဘာလ ၁ ရက်မှ ဇန်နဝါရီလ ၃၁ ရက်နေ့အတွင်းမူ ထိုင်းက အခွန် ၇၃ ရာခိုင်နှုန်း သတ်မှတ်ထားကာ မြန်မာဘက်က ပြောင်းဆန်များကို အမှုန့်ပြုလုပ်၍ အနည်းငယ်သာ တင်ပို့မှုပြုလုပ်နိုင်သည်ဟု ပြောင်းကုန်သည်များက ပြောသည်။

ထိုသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့မှုရသည့် (၇) လတာ ကာလအတွင်း မြဝတီမြို့တွင် ယာဉ်ကြောပိတ်ဆို့ မှုများ ဖြစ်လေ့ရှိပြီး အဆိုပါ ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ခရီးသွားလာသူများ အတွက် သာမန်ထက် အချိန်ကြန့်ကြာမှုများစွာ ကြုံနေရသည်။

သို့ဖြစ်၍ စနစ်တကျ ကုန်စည်ဖလှယ်ရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ထိန်းကွပ်ကြပ်မတ်ပေးရန် ဒေသခံများက လိုလားနေကြသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...