BNI တည်ထောင်သူတစ်ဦးဖြစ်သည့် ဝါရင့်ချင်းသတင်းအယ်ဒီတာ ပူးသွီဒင်း (Pu Tuidim) သေဆုံးမှုအတွက် ထုတ်ပြန်ချက်

BNI တည်ထောင်သူတစ်ဦးဖြစ်သည့် ဝါရင့်ချင်းသတင်းအယ်ဒီတာ ပူးသွီဒင်း (Pu Tuidim) သေဆုံးမှုအတွက် ထုတ်ပြန်ချက်

နိုင်ငံတကာမြန်မာ့သတင်း-BNI ကို စတင်တည်ထောင်ခဲ့စဉ်က ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် ပူးသွီဒင်း (Pu Tuidim) ကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က သတ်ဖြတ်ခဲ့သည်ဟု ၎င်း၏မူလအဖွဲ့အစည်းဖြစ်သည့် ခိုနူမ်သုန် (Khonumthung) သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီလ ၆ ရက်နှင့် ၇ ရက်နေ့များက ချင်းပြည်နယ်၊ မတူပီမြို့နယ် ကီလုန်းနှင့် လုံလှောကျေးရွာအကြား မတူပီ-ဟား ခါးကားလမ်းပေါ်တွင် ခရီးသွားလာနေသည့် အရပ်သားပြည်သူ ၁၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ကာ ရှေ့တန်းစစ်မြေပြင်သို့ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခဲ့ပြီးနောက် သတ်ဖြတ်ခဲ့ရာတွင် ပူးသွီဒင်းလည်း ပါဝင်ခဲ့သည်။

ပူးသွီဒင်းသည် နိုင်ငံတကာမြန်မာ့သတင်း (BNI) ကို ၂၀၀၃ ခုနှစ်၊ စတင်တည်ထောင်ခဲ့စဉ်က နိရိဉ္ဇရာ၊ မဇ္ဈိမ၊ ကုလားတန်သတင်းဌာနများနှင့်အတူ ချင်းသတင်းဌာနဖြစ်သည့် ခိုနူမ်သုန်ကိုယ်စား ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့်အတွက် ၎င်းသေဆုံးသွားခဲ့ခြင်းမှာ BNI အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။

သူသည် ခိုနူမ်သုန်သတင်းဌာန တည်ထောင်သူထဲပါဝင်သကဲ့သို့ အယ်ဒီတာချုပ်အဖြစ်လည်း နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် ချင်းပြည်နယ်ရှိ သတင်းမီဒီယာများအတွက် ရှေ့ဆောင်လမ်းပြခဲ့သည့် ဝါရင့်တိုင်းရင်းသား သတင်းသမားတစ်ဦးလည်းဖြစ်သည်။

ပူးသွီဒင်း သေဆုံးသွားခြင်းသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားမီဒီယာများအတွက်သာမက တစ်နိုင်ငံလုံး၏ မီဒီယာအသိုင်းအဝိုင်းအတွက်ပါ များစွာသော ဆုံးရှုံးမှုဖြစ်သည်ဟု နိုင်ငံတကာမြန်မာ့သတင်း (BNI) က မှတ်ယူသည့်အပြင် ကျန်ရစ်သူ မိသားစုဆွေမျိုးသားချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ထုတ်ပြန်အပ်ပါသည်။

အလားတူ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ရန်ကုန်မြို့ရှိ အသံတိတ်သပိတ် လှုပ်ရှားမှုကို ဓာတ်ပုံမှတ်တမ်းရယူခဲ့သည့် အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးပြီး သုံးရက်အကြာတွင် စစ်ကြောရေး၌ သေဆုံးသွားခဲ့ခြင်း၊ ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက် လေးကေကော်ဒေသတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ဖက်ဒရယ်ဂျာနယ် အယ်ဒီတာ အေစိုင်းကေ (ခ) စိုင်းဝင်းအောင် သေဆုံးသွားခဲ့သည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။

သို့ဖြစ်ပါ၍ စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် အကြမ်းဖက် တိုက်ခိုက်နေခြင်းကို ပြင်းထန်စွာရှုတ်ချပြီး ပြစ်မှု ကျူးလွန်သူများအနေဖြင့် တာဝန်ယူမှုအပြည့်အ၀ရှိစွာ သတင်းသမားများနှင့် အရပ်သားများ၏ လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ခြင်းမရှိဘဲ ယခုကဲ့သို့ ဥပဒေမဲ့ တရားလက်လွှတ် သတ်ဖြတ်မှု ကျုးလွန်သူများကို နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများအရ အရေးယူပေးပါရန် နိုင်ငံတကာ အသိုင်းအဝိုင်းထံ BNI က တောင်းဆိုလိုက်သည်။

Most read this week

April 23, 2024
NLD အစိုးရလက်ထက် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုလိုက်သည်ဟု...
April 23, 2024
ချင်းပြည်နယ် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်ခန်းများအားလုံး...
April 19, 2024
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာ ၃ ရွာကို စစ်ကောင်စီက လေယာဉ် ၄ စီးဖြင့် ပေါင် ၅၀၀...
April 19, 2024
မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘဂ်လားရှေဒ့်နှင့် မဏိပူရ်ပြည်နယ်က...