ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံး ဇန်နဝါရီလ ၆ ရက်နေ့က ဗုံးပစ်ခံရပြီး ပေါက်ကွဲမှုကြောင့် ဝန်ထမ်း ၄ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယနေ့ ညနေ ၃ နာရီခွဲကျော်ခန့်မှာ ဆိုင်ကယ်နဲ့လာသူ အမည်မသိ လူ ၂ ဦးက ရုံးအပြင်ဘက်ကနေ ဗုံးပစ်ထည့်သွားတာဖြစ်ပါတယ်။
ဗုံးပေါက်ကွဲတာကြောင့် ရုံးအဆောက်အဦး ထိခိုက်ပျက်စီးသွားပြီး ရုံးအတွင်းရှိ ဝန်ထမ်း ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတာဖြစ်ပါတယ်။
"အပြင်ကနေ ဆိုင်ကယ်နဲ့ဗုံးလာပစ်သွားတာလို့ သိရတယ်။ ဗုံးပေါက်သံက အကျယ်ကြီးဘဲ။ သိရတာက ဝန်ထမ်းအမျိုးသမီးအချို့ထိခိုက်ဒဏ်ရာရတာရှိတယ်။''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
မြို့နယ်လျှပ်စစ်ရုံးဗုံးပေါက်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးမှုပြုလုပ်သွားပါတယ်။
ဒဏ်ရာရ ဝန်ထမ်းတွေကိုတော့ ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနောင်စိုးထွန်းနေအိမ်ဗုံးပစ်ခံရပြီးနေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးခဲ့ပါတယ်။







