မွန်ပြည်နယ် ငါးလုပ်ငန်းတွေ အရှုံးနဲ့ ရင်ဆိုင်နေရ

မွန်ပြည်နယ် ငါးလုပ်ငန်းတွေ အရှုံးနဲ့ ရင်ဆိုင်နေရ

မွန်ပြည်နယ်အတွင်းက ငါးလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ ၁၁ လတာကာလအတွင်းမှာ အရှုံးနဲ့ ရင်ဆိုင်နေရပြီးလို့ ငါးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ငါးလုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်းမြင့်တက်လာတာ၊ ငါးဖမ်း ပစ္စည်းတွေ ဈေးနှုန်း ၂ ဆနီးမြင့်တက်လာတာနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ကြီးမြင့်မှုကို အကြီးအကျယ် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အဲ့ဒီလို အခက်အခဲမျိုးစုံရင်ဆိုင်နေရတဲ့ ငါးလုပ်ငန်းဟာ အခုကာလမှာ ငါးအထိအမိ နည်းလာတဲ့အတွက်ကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ လုပ်ငန်းရှင် တစ်ဦးက အခုလို ပြောပါတယ်။

“ကမ်းနီးကမ်းဝေးတွေမှာတော့ တွက်ခြေမကိုက်ကြလို့ ပုံမှန်မထွက်ဘူးပေါ့။နှစ်ခေါက်ထွက်ရမယ့်နေရာမှာ တစ်ခေါက်ထွက်တာတို့ ရှိတယ်။မွေးမြူရေးပိုင်းကျတော့လည်း Export ကျတော့ ပြည်တွင်း စားပဲများတယ်။မွေးမြူရေးအစာတွေ စျေးတက်တယ်။စက်သုံးဆီတွေ စျေးတက်တော့ တစ်ချို့ဆို အရှုံးမှာရှိနေတယ်၊ အဲဒီလိုမျိုး ရှိနေကြတယ်၊တွက်ခြေမကိုက်ကြဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်ရာမှာလည်း ငွေကြေး လည်ပတ်ဖို့ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ ထွက်ရှိလာတဲ့ ငါးတွေကို တင်ပို့ရောင်းချရာမှာလည်း တရုတ်နိုင်ငံက ငါးတွေမှာ ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်‌ဆေးခိုင်းတာ၊ ငါးလုပ်ငန်းလုပ်ကိုင်နေသူတွေကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးဖို့နဲ့ ဆေးထိုးပြီးရင်လည်း နှစ်ပတ်တစ်ကြိမ် ရောဂါပိုး ရှိ မရှိ စစ်ဆေးဖို့ ညွှန်ကြားထားတာပါ။

အဲဒီအတွက်ကြောင့် ငါးတင်ပို့ ရောင်းချရာမှာ အရင်ကထက် ကုန်ကျစရိတ် ကြီးမြင့်မှုကို ရင်ဆိုင်နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

“စည်းကမ်းတင်းကြပ်တော့ ကျွန်တော်တို့ ပြည်တွင်းက Exporter တွေအနေနဲ့ ထုတ်လုပ်မှုစရိတ် ပိုသွားတယ်။ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် အလုပ်သမားတွေကအစ အကုန်လုံးက စည်းကမ်းချက်တွေနဲ့ လုပ်ရတာကိုး။အဲတော့ ဒီအလုပ်သမားတွေ Test Kit နဲ့ လတိုင်း စစ်ရမယ်ဆိုတဲ့ ကုန်ကျစရိတ်က ပိုတာပေါ့”လို့ ပြောပါတယ်။

တရုတ်နိုင်ငံကို ငါးတင်ပို့ရောင်းချရာမှာလည်း ငါးပါကင်တွေမှာ ကိုဗစ်ရောဂါပိုး တွေ့ရင် ပြည်တွင်းကို ပြန်လည် သယ်ယူခိုင်းနေတဲ့အတွက်ကြောင့် ကုန်ကျစရိတ် ကြီးမြင့်လို့ ငါးလုပ်ငန်းတွေ အခက်တွေ့နေပါတယ်။

မွန်ပြည်နယ်ဟာ နှစ်စဉ် ငါးတန်ချိန် တစ်သိန်းကျော် ထွက်ရှိနေတဲ့ ပြည်နယ် တစ်ခု ဖြစ်ပြီး ထွက်ရှိလာတဲ့ ငါးတွေကို တရုတ်နိုင်ငံဆီ အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...