တနင်္သာရီတိုင်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ၁၁ လတာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၆၄ ဦး သေဆုံးခဲ့တယ်လို့ တနင်္သာရီအခြေစိုက် ပျားကလေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
Bee Tenasserim လို့ ခေါ်တဲ့ ပျားကလေးအဖွဲ့က ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား ၅၆ ဦးနဲ့အမျိုးသမီး ၈ ဦး စုစုပေါင်း ၆၄ ဦး သေဆုံးခဲ့တာပါ။
သေဆုံးသူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေမှာ ပစ်သတ်ခံရတာ၊ စစ်ကြောရေးမှာ သေဆုံးတာ၊ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဉ် အကြောင်းမဲ့ ပစ်သတ်ခံရတာ၊ စစ်ကောင်စီဂိတ်စခန်းတွေမှာ မရပ်ပေးဖို့ ပစ်သတ်ခံရတာတွေလည်း ပါဝင်ပါတယ်။
မြို့နယ်အလိုက် သေဆုံးမှုမှာတော့ ထားဝယ်က ၁၆ ဦး၊ မြိတ်က ၁၃ ဦး၊ လောင်းလုံးက ၁၂ ဦး၊ ကော့သောင်းက ၁၁ ဦး၊ ပုလောက ၄ ဦး၊ ရေဖြူနဲ့ သရက်ချောင်းက ၃ ဦးစီ၊ ဘုတ်ပြင်းနဲ့ တနင်္သာရီက ၁ဦးစီ ပါဝင်တာပါ။
ပျားကလေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးကတော့ အခုအချက်အလက်တွေ လက်လှမ်းမှီသလောက် ပြုစုထားတာ ဖြစ်လို့ မြေပြင်မှာ ဒီထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။
Bee Tenasserim လို့ ခေါ်တဲ့ ပျားကလေးအဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း ဖမ်းဆီးခံရတဲ့ ပြည်သူတွေနဲ့ သေဆုံးမှုတွေကို စာရင်းပြုစုနေတဲ့အဖွဲ့ တစ်ခု ဖြစ်ပါတယ်။







