ရာသီအဖွင့်မှာ ဆားဈေးကောင်းရမည်လား

ရာသီအဖွင့်မှာ ဆားဈေးကောင်းရမည်လား

၂၀၂၁-၂၂ ခုနှစ်ရဲ့ ဆားရာသီသစ်အကြိုကာလဖြစ်တာမို့ ဈေးကွက်အတွင်းမှာ ဆားသစ် မကြာမီ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

အဲဒီလို ဆားအသစ်တွေ ဝင်ရောက်လာတော့မှာ ဖြစ်တဲ့အတွက် ဆားကြမ်းဈေးနှုန်းတွေကတော့ ပြန်လည်ကျဆင်းလာနိုင်တယ်လို့ ဆားတောင်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

မွန်ပြည်နယ် ရေးမြိုနယ် ပင ဆားကွင်းမှာတော့ ဆားသစ်တွေကို စတင်ကျုံးနေပြီဖြစ်တဲ့အတွက် ဆားကြမ်းဈေးနှုန်း ကျရိပ်သန်းလာနေပြီလို့ ရေးမြို့နယ်ဒေသခံ ဆားတောင်သူတစ်ဦးက ပြောပါတယ်။

"ဆားသစ်ထွက်ပြီဆို ဈေးကွက်အတွင်းမှာ အရောင်းအဝယ်ကတော့ ပြန်အေးသွားတယ်။ အခုဆို တော်တော်အရောင်းအဝယ်အေးနေတဲ့ အနေအထားမှာ ရှိပါတယ်။ ဈေးကွက်အေးနေတော့ ဆားဈေးနှုန်းက အကျဘက်ကို သန်းနေတယ်"လို့ သူက ဆိုပါတယ်။

မွန်ပြည်နယ်မှာ နိုဝင်ဘာ‌လလောက်ထိ မိုးကျနေတုန်းဖြစ်တာမို့ ဆားကျုံးတဲ့အချိန်တော့ အနည်းငယ်နောက်ကျသွားတယ်လို့ ပြောပါတယ်။ ဒီဇင်ဘာလဆန်းမှာ ဆားကျုံးကြပေမယ့် ဒီနှစ်မှာတော့ ဆားကွင်းတစ်ချို့အနေနဲ့ ဆားကျုံးချိန် နည်းနည်း အချိန်လင့်ပြီး ဒီဇင်ဘာလကုန်လောက်ထိ နောက်ကျနိုင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာတော့ မွန်ပြည်နယ်က ထွက်တဲ့ နေလှန်းဆားကြမ်း တစ်ပိဿာ ၁၃၀ကျပ်ထိ ပေါက်ဈေးရှိခဲ့တာ ဖြစ်တဲ့အတွက် ဈေးကောင်းရခဲ့ကြောင်း သိရပါတယ်။

ဒါပေမဲ့လို့လည်း ပြီးခဲ့တဲ့နှစ်က ရာသီဥတုဒဏ်၊ ရေကြီးမှုဖြစ်စဉ်တွေကြောင့် ဆားအထွက်နှုန်း အများကြီးလျော့ကျခဲ့ရတယ်လို့ ဆားတောင်သူတွေက ပြောပါတယ်။

"ပြီးခဲ့တဲ့နှစ်ကလောက် ရာသီဥတု မဆိုးပေမယ့် ဒီနှစ်မှာလည်း ဆားရာသီက ခုမှ စတာဆိုတော့ ဘယ်လိုလာဦးမလဲ မသိဘူး။ ဈေးနှုန်းကတော့ အရင်ထက်ကို ကျနိုင်တယ်"လို့ သံဖြူဇရပ်မြို့နယ်က ဆားတောင်သူ တစ်ဦးက ပြောပါတယ်။

ငါးပိ၊ ငါးခြောက်လုပ်ငန်းတွေကလည်း ငါးဝင်ရောက်မှု နည်းနေတဲ့အတွက် ဆားဝယ်ယူမှု လျော့နည်းသွားတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ ဆားဈေးကွက်အတွင်းမှာ အရောင်းအဝယ်အေးနေပြီး ဈေးနှုန်းပြန်ကျလာတယ်လို့ ပြောကြပါတယ်။

နိုဝင်ဘာလအတွင်း ဆားဈေးနှုန်း ၁၃၀ကျပ်ထိ ပေါက်ဈေးရရှိသော်လည်း ဒီဇင်ဘာတတိယအပတ်မှာတော့ ဆားဈေးနှုန်း ၁၁၀ကျပ်သာ ရှိတော့တယ်လို့ ပြောပါတယ်။

အခုနှစ် ၂၀၂၁- ၂၀၂၂ ခုနှစ် မွန်ပြည်နယ်ရဲ့ ဆားရာသီသစ်မှာတော့ လိုင်စင်တင်ထားတဲ့ ဆားကွင်းဧကပေါင်း ၄၂၄၁ ဒသမ ၉၀ ရှိတယ်လို့ ပြည်နယ်ဆားလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။

ဆားရာသီသစ်မှာ ဆားကြမ်းတန်ချိန်ပေါင်း ၄၂၅၀၁၀ ထုတ်လုပ်နိုင်ဖို့အတွက် လျာထားတယ်လို့လည်း ပြောပါတယ်။

"မွန်ပြည်နယ်နေလှန်းဆားက ၂၀၂၁-၂၂ ခုနှစ် ဆားရာသီမှာ လိုင်စင်တင်ထားတဲ့ ဧကက ၄၂၄၁ ဒဿမ ၉၀ ရှိတယ်။ ထုတ်လုပ်မယ့် ဆားက တန်ချိန် ၄၂၅၀ ထုတ်ဖို့ လျာထားတယ်"လို့ ပြည်နယ်ဆားလုပ်ငန်းဦးစီးဌာနတာဝန်ရှိသူက ပြောပါတယ်။

ဆားသစ်ထွက်ရှိမှာ ဖြစ်တဲ့အတွက် ဈေးကွက်အတွင်းမှာတော့ ဝယ်ယူမှု၊ မှာယူမှုတွေ မရှိသလောက်ဖြစ်နေတယ်လို့ ဆက်ပြောပါတယ်။

ဆားသစ်ထွက်ရှိပြီး ဧပြီလအတွင်းမှသာ ‌ဆားဈေးနှုန်းအခြေအနေနဲ့ ဆားသစ်ထွက်ရှိမှုနှုန်းကို သေချာစိစစ်တွက်ချက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆားတောင်သူတွေကတော့ ဆားဈေးကွက်အတွင်း အရည်အသွေးပြည့်မီတဲ့ ဆားကောင်းတွေ ထွက်လာဖို့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာတွေက ကူညီပေးဖို့လိုတယ်လို့  ပြောပါတယ်။

"ပြည်ပကို တင်ပို့နိုင်ဖို့အထိ ကျွန်တော်တို့ မလုပ်နိုင်ဘူး။ ကျွန်တော်တို့ဆီကိုပဲ ပြည်ပက အတင်းဝင်လာနေတာ။ ကျွန်တော်တို့က သူတို့ဆီ ပြန်မပို့နိုင်ဘူး။ အရည်အသွေးမီတဲ့ ဆားချော ထုတ်လုပ်နိုင်ဖို့က တစ်ယောက်ထဲလည်း မလုပ်နိုင်ဘူး"လို့ သံဖြူဇရပ်မြို့နယ်က ဆားတောင်သူ တစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်ရဲ့ ဆားဈေးကွက်အတွင်းမှာတော့ ဆားဈေးကွက် ပြန်လည်ဖော်ဆောင်နိုင်ဖို့နဲ့ အရည်အသွေးမီတဲ့ ဆားတွေ ထွက်လာနိုင်ဖို့အတွက် အားလုံးပူးပေါင်း ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း သူက အကြံပြုပါတယ်။ ဒါ့အပြင် ဈေးကွက်ရှာဖွေနိုင်ဖို့အတွက်လည်း သက်ဆိုင်ရာဌာနတွေက ပူးပေါင်းကူညီတာတွေကို ဆားလုပ်ငန်းခွင်က လိုလားနေကြပါတယ်။

ဒါမှသာ ဆားဈေးကွက်အတွင်းမှာ မွန်ပြည်နယ်ထွက် ဆားတွေ ဈေးကောင်းရရှိမှာဖြစ်ပြီး ဆားဈေးကွက်လည်း  ခိုင်ခိုင်မာမာနဲ့ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။     ။

—လှိုင်ထိုက်ထိုက်

Most read this week

April 20, 2024
၂၀၂၁ အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြားက အကောင်အထည်ဖော်နေတဲ့ ကရင်နီပြည်ရဲ့ ပညာရေးဟာ...
April 19, 2024
Salai Vakok — တောတောင်ထူထပ်၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသကို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ၃...
April 18, 2024
နှစ်သစ်ကူးတဲ့ ဒီနှစ်တန်ခူးလ အတာသင်္ကြန်မှာ နွေဟာ မနှစ်ကထက် ပိုပူလာတယ်။ ရွက်ဝါတွေလည်း...
April 11, 2024
မောင်ကျော်စွာ — ဒီနှစ်ရက် သုံးရက်အတွင်း မြဝတီမြို့နဲ့ပတ်သက်တဲ့သတင်းတွေက...