ကန်ပက်လက်မြို့တွင် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တစ်ဦးကို စစ်ကောင်စီဖမ်းဆီးသတ်ဖြတ်

ကန်ပက်လက်မြို့တွင် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တစ်ဦးကို စစ်ကောင်စီဖမ်းဆီးသတ်ဖြတ်

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့တွင် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်ပါစတာတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်မှု ဒီဇင်ဘာလ ၁၂ ရက်နေ့ကဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ကန်ပက်လက်မြို့ မြို့ဟောင်းကျေးရွာရှိ ခရစ်တော်အသင်းတော် (Church of Christ) မှ အသက် ၃၀ ခန့်အရွယ် ပါစတာ ဦးအွမ်ကီးသည် ဒီဇင်ဘာလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြပြီး နောက်တနေ့တွင် သေနတ်ဖြင့် ပစ်သတ်ကာ ကန်ပက်လက်မြို့အထွက်ဘက် ဟိုတယ်အနီးလမ်းဘေးတွင် ပစ်ထားခဲ့ကြသည်ဟု ကန်ပက်လက်မြို့မှ အမည်မဖော်လိုသည့် အသင်းတော်ပါစတာတစ်ဦးကပြောသည်။

“ကန်ပက်လက်မြို့ဟောင်းကနေ ကန်ပက်လက်မြို့ကြားမှာပေါ့နော အုတ်ဖိုရွာဆိုတာရှိတယ်၊ အုတ်ဖိုဘက်ကို လာဖို့ ဆင်းလာတဲ့အချိန်မှာ ဖမ်းတယ်လို့ကြားတယ်၊ အဲဒီဘက်မှာလည်း တိုက်ပွဲတွေ လူငယ်တွေကလည်းပစ်ထား တာရှိတော့ သူ့ကိုပြန်ပြီးမှတိုက်ခိုက်တဲ့သဘောဖြစ်မယ်ထင်တယ်၊ ဟိုတယ်ရှေ့နားမှာဘဲအလောင်းကိုပစ်ထားကြတယ်’’ ဟု အသင်းတော်ပါစတာတစ်ဦးက ပြောသည်။

ပါစတာဦးအွမ်ကီး၏ ရုပ်အလောင်းကို ကန်ပက်လက်မြို့မှ ဝိတိုရိယတောင်ဘက်သွားသည့် ပန်းလေပြည်ဟိုတယ်အနီး လမ်းဘေးတွင် စစ်ကောင်စီက စွန့်ပစ်ထားသည်ကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ တွေ့ရှိခဲ့ကြပြီး ကန်ပက်လက်မြို့ဟောင်း သချုႋင်းတွင် ဒေသခံပြည်သူများနှင့် လူငယ်များက သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းကစ၍ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် CDF-Kanpetlet တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုများလာပြီး စစ်ကောင်စီဘက်က အကျအဆုံးများကာ အထိနာနေကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးသည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်မှုကြောင့် ချင်းပြည်နယ် တွင် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်ပါစတာ ၃ ဦး သေဆုံးသွားပြီဖြစ်ပြီး ၎င်းတို့မှ ထန်တလန်မြို့မှ ပါစတာကျူံးဗျက်ဟုမ်း၊ မတူပီမြို့မှ ဦးငိုင်ကုန်းနှင့် ကန်ပက်လက်မြို့မှ ဦးအွမ်ကီးတို့ဖြစ်ကြသည်။

ထန်တလန်မြို့TCBC အသင်းတော်ပါစတာကျူံးဗျက်ဟုမ်းသည် စက်တင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မီးလောင်ကျွမ်းသည့်လူနေအိမ်များအားငြိမ်းသတ်ရန်သွားရောက်စဉ်တွင် စစ်ကောင်စီ တပ်သားများက ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး၊ မတူပီမြို့နယ် ငလိုင်းကျေးရွာ သတင်းကောင်းအသင်းတော်မှ ပါစတာ ဦးငိုင်ကုန်းသည်လည်း စက်တင်ဘာလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးကာ ယနေ့ချိန်ထိသတင်းအစအန မရှိပျောက်ဆုံးလျက်ရှိသည်။

Most read this week

December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...