ထန်တလန်မြို့နယ် စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများအကူအညီလိုအပ်

ထန်တလန်မြို့နယ် စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများအကူအညီလိုအပ်

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရမှုများကြောင့် မြို့ကိုစွန့်ခွာကာ ကျေးလက်ဒေသများသို့ စစ်ဘေးတိမ်းရှောင်နေကြရသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှ ဒေသခံပြည်သူများသည် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ လိုအပ်လျှက်ရှိကြောင်း Thantlang Placement Affairs Committee-IDPs Help မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့သယ်လာတဲ့ ဆန်စပါးတွွေက အခုကုန်လုနီးပါးဖြစ်နေပြီ။ ပြီးရင်ကျန်းမာရေးပိုင်းမှာလည်း တချို့ရွာတွေဆိုရင် CDM ကျန်းမာရေးဝန်ထမ်းမရှိတဲ့ နေရာရှိတဲ့အခါကျတော့ သူတို့က ဖျားရင်လည်း ကုမဲ့သူမရှိဘူး။ အများစုကတော့ င်္ဒီလိုမျိုး ကျန်းမာရေးအပိုင်းမှာ အကူညီမဲ့နေတယ်” Thantlang Placement Affairs Committee-IDPs Help တာဝန်ရှိသူက ပြောသည်။

ထန်တလန်မြို့ပေါ်ရှိဒေသခံပြည်သူများသည် ပြီးခဲ့သည့်စက်တင်ဘာလအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် မြို့ပေါ်တွင် မနေရဲကြတော့ပဲ ကျေးလက်ဒေသများသို့ စတင်ထွက်ပြေးခဲ့ကြခြင်းဖြစ်ပြီး ထန်တလန်မြို့နယ်မှ ခွါဟရိန်းတောင်ကြော၊ ဗန်ဇန်းတောင်ကြော၊ ဇနတ်တောင် ကြော၊ ဗိုင်လာမ်တောင်ကြောနှင့် ဘွောလ်တောင်ကြောရှိ ကျေးရွာပေါင်း ၉၄ ရွာတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်။

တချိူ့မှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ထန်တလန်မြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေမှာ ၇၇၂၅ ရှိသည်ဟု Thantlang Placement Affairs Committee-IDPs Help ၏ စာရင်းအရ သိရသည်။

ထန်တလန်မြိုပေါ်ရှိဒေသခံပြည်သူများသည် မြို့ကိုစွန့်ခွာ၍ စစ်ဘေးတမ်းရှောင်နေကြရသည်မှာ လေးလနီးပါးရှိနေပြီဖြစ် ကာ ၎င်းတို့ယူဆောင်လာကြသည့်ရိက္ခာများလည်းပြတ်လုနီးပါးဖြစ်သည့်အပြင် ထန်တလန်မြို့ပေါ်တွင်လည်း ရိက္ခာများ ပြန်သယ်ယူနိုင်ခြင်းမရှိတော့သည့်အတွက် အခက်ကြုံနေကြရခြင်းဖြစ်သည်။

ထို့အပြင်ဆောင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် စစ်ဘေးရှောင်ပြည်သူများအတွက် အနွေးထည်၊ စောင် လိုအပ်မှု မြင့်မားနေသည်ဟုလည်း Thantlang Placement Affairs Committee-IDPs Help တာဝန်ရှိသူကပြောသည်။

“ဆောင်းရာသီဆိုတော့ သူတို့ အိမ်ကနေထွက်လာတဲ့အခါမှာ အနွေးထည်တွေ၊ စောင်တွေ ယူမလာကြဘူးဆိုတော့၊ တချို့နေရာတွေမှာဆိုရင် သူတို့က ဒီလိုမျိုး အနွေးထည်တွေ၊ စောင်လို အပ်တော့ ဒုက္ခရောက်တဲ့သူတွေရှိတယ်” ဟု သူကပြောသည်။

အိမ်ခြေ နှစ်ထောင်ခန့်ရှိပြီး လူဦးရေတစ်သောင်းဝန်းကျင်ခန့်ရှိသည့် ထန်တလန်မြို့တွင် စက်တင်ဘာလကစ၍ အာဏာသိမ်းစစ်ကောင်စီနှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF-Thantlang) တပ်တို့အကြား တိုက်ပွဲဖြစ်ပွားလာသည့်နောက်ပိုင်း စစ်ကောင်စီတပ်က မြို့ပေါ်တွင်လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်များစတင်လောင်ကျွမ်း လာခဲ့ခြင်းဖြစ်သည်။

ထန်တလန်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ကစ၍ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ၃ လအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုနှင့် တမင်တကာမီးရှို့မှုကြောင့် မီးလောင်ကျွမ်းမှု ၁၁ ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၅၀၀ ကျော် ပျက်စီးခဲ့ရသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ချင်းပြည်နယ်တွင် ကလေးငယ်၊ အမျိုးသမီးများအပါအဝင် လူဦးရေ ရ သောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...