ဆံတော်ရှင်တောင်တက်လမ်းကို ပြုပြင်ပြီးပြီဖြစ်၍ စစ်သားများ ပြန်လည်ထွက်ခွာရန်ပြင်ဆင်နေပြီဟုဆို

ဆံတော်ရှင်တောင်တက်လမ်းကို ပြုပြင်ပြီးပြီဖြစ်၍ စစ်သားများ ပြန်လည်ထွက်ခွာရန်ပြင်ဆင်နေပြီဟုဆို

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ရှိ သမိုင်းဝင်ဆံတော်ရှင်ဘုရားတောင်တက်လမ်းကို ပြုပြင် ပြီးစီးသွားပြီဖြစ်၍ စစ်သားများ ပြန်လည်ထွက်ခွာရန်ပြင်ဆင်နေပြီဟု သိရသည်။

အဆိုပါတောင်တက်လမ်းကို ဒီဇင်ဘာလ ၁၂ ရက်တွင် ပြုပြင်ပြီးစီးသွားပြီဖြစ်၍ လမ်းလုပ်ခဲ့သည့်စစ်သားများသည် ပြန်လည်ထွက်ခွာရန်အတွက် လူစုနေသည်ကိုမြင်တွေ့ရကြောင်း မျက်မြင်များက ပြောသည်။

ဘုရားပွဲတွင် ထမင်းဆိုင်ရောင်းရန်ရောက်ရှိနေသူ မဝင်းမာရွှေက "လမ်းလုပ်လို့ပြီးသွားပြီဆိုတော့ သူတို့ ဒီနေ့ပြန်မယ်လို့ပြောတယ်။ ခြေရာတော်ဘက်ကလူတွေ တောင်တွေရှိရာဘက်ကို တက်သွားတယ်။ လူစုနေကြတယ်လို့ကြားတယ်။ ပြန်မယ်ဆိုလို့ဝမ်းသာပါတယ်"ဟု ပြောသည်။

ပျက်စီးနေသည့်အဆိုပါလမ်းကိုပြုပြင်ရန် ဆံတော်ရှင်ဂေါပကအဖွဲ့က ပြည်နယ်ကောင်စီထံ ကျပ်သိန်း ၁ဝဝ ကုန်ကျမည်ဟုတင်ပြလာ၍ ပြည်နယ်ကောင်စီက လူအားဖြင့်လုပ်အားပေးရန် ရဲနှင့် စစ်တပ်အင်အား ၁၀၀ ကျော်ကို စေလွှတ်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက်မှစတင်ကာ လမ်းအား ပြုပြင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဘုရားဖူးလာသူ စစ်တွေမြို့ခံတစ်ဦးက "လမ်းက အကုန်ပြုပြင်ပြီးသွားတာတွေ့ပါတယ်။ လမ်းမှာတော့ စစ်သားတွေ၊ ရဲတွေရှိသေးတယ်။ ပြန်ဖို့ပြောသံ ကြားရတယ်"ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို နိရဥ္စရာက ဆက်သွယ်မေးမြန်းထားပြီး တစ်စုံတစ်ရာအကြောင်းပြန်ကြားမှုမရှိသေးပါ။

လမ်းလုပ်နေသည့် စစ်သားများသည် ဒေသခံများအပါအဝင် ဘုရားဖူးများနှင့် ပွဲတော်ကာလအတွင်း စျေးဆိုင်များရောင်းချမည့်သူများကို စစ်ဆေးမေးမြန်းမှုများရှိခဲ့သည်ဟု စစ်ဆေးခံရသူများက နိရဥ္စရာကိုပြောထားသည်။

ဆံတော်ဘုရားတောင်တက်လမ်းကို လမ်းပြုပြင်ရန်အကြောင်းပြချက်ဖြင့် စစ်တပ်က နေရာယူထားသည့်အတွက် ဘုရားပွဲသို့သွားမည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော်(AA)က ဒီဇင်ဘာလ ၁ဝ ရက်တွင် သတိပေးထုတ်ပြန်ခဲ့သည်။

ယခုအခြေအနေများကြောင့် ဆံတော်ရှင်ဘုရားပွဲသို့ သွားလာမည့်ဘုရားဖူးခရီးသည်များတွင် စိုးရိမ်မှုမြင့်တက်လျက်ရှိပြီး ဘုရားပွဲသို့သွားရောက်မည့်အစီအစဉ်များကို ဖျက်သိမ်းကြမှုများလည်းရှိနေကြသည်။

ရခိုင်ပြည်နယ်ကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက လမ်းလုပ်နေသည့်စစ်သားများသည် လမ်းလုပ်ပြီးစီးပါက ယင်းနေရာမှ ပြန်တော့မည်ဟု ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်တွင် နိရဥ္စရာအား အတိအလင်း ပြောဆိုထားသည်။

ဆံတော်ရှင်ဘုရားပွဲတော်ကို မနက်ဖြန် ဒီဇင်ဘာ ၁၃ ရက်မှ ၂ဝ ရက်အထိ ၈ ရက်တိုင်တိုင် ပျော်ပွဲရွှင်ပွဲများဖြင့် စည်စည်ကားကားကျင်းပမည်ဖြစ်သည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...