နေရပ်ပြန်စစ်ဘေးရှောင်များနေသည့် မြေပုံမြို့နယ် ရွာသာယာကျေးရွာ ဆန်သယ်ယူခွင့်ပိတ်ပင်ခံနေရ

နေရပ်ပြန်စစ်ဘေးရှောင်များနေသည့် မြေပုံမြို့နယ် ရွာသာယာကျေးရွာ ဆန်သယ်ယူခွင့်ပိတ်ပင်ခံနေရ

ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှ နေရပ်ပြန်စစ်ဘေးရှောင်များနေထိုင်သည့် ယောချောင်းရွာသာယာကျေးရွာတွင် ဆန်သယ်ယူခွင့်ပိတ်ပင်ခံနေရသည်ဟု သိရသည်။

အဆိုပါယောချောင်းရွာသာယာကျေးရွာအနီးမှ ယောချောင်းတံတားထိပ်ရှိ လုံခြုံရေးယူထားသည့် စစ်တပ်က ဒီဇင်ဘာလ ၅ ရက်မှစတင်ကာ တားဆီးပိတ်ပင်ထားခြင်းဖြစ်ကြောင်း ဒေသခံများက နိရဥ္စရာသတင်းဌာနကို ပြောသည်။

ယောချောင်းရွာသာယာကျေးရွာ ရပ်မိရပ်ဖတစ်ဦးက “ဦးလေးတို့ရွာသားတွေက AA ကိုထောက်ပံ့နေတယ်လို့ သူတို့က ထင်နေတယ်။ မင်းတို့ရွာသားတွေ ဆန်သယ်တာများနေပြီဆိုပြီး လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက ဆန်သယ်ခွင့်ပိတ်လိုက်တာ။ ဝါးခုတ်ပြီးအသက်မွေးဝမ်းကျောင်းပြုနေကြတဲ့လူတွေဆိုတော့ စပါးလည်း မစိုက်ဘူး။ ငတ်ကုန်ကြတော့မယ်” ဟု ပြောသည်။

အိမ်ခြေ ၅ဝဝ ကျော်ရှိသည့် ၄င်းယောချောင်းရွာသာယာကျေးရွာသားများမှာ ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလခန့်က ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲများကြောင့် ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာကာ မြေပုံ၊ ပေါက်တောနှင့် နီးစပ်ရာ ဆွေမျိုးများထံသို့ ထွက်ပြေးခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ၂ဝ၁၉ ခုနှစ်၊ မေလအတွင်းမှစတင်ကာ အိမ်ထောင်စု ၂ဝဝ ကျော်၊ ကျေးရွာသား ၁ ထောင်ခန့်ဖြင့် ရွာသားထက်ဝက်ခန့် ပြန်လည်အခြေချနေထိုင်လျက်ရှိနေပြီဟု သိရသည်။

၄င်းကျေးရွာမှ ဆန်ရောင်းဝယ်သူ ဦးမောင်လှမြင့်က “ဘာကြောင့်မသယ်ရတာလဲမသိဘူး။ မသယ်ရဘူးလို့ပြောတယ်။ ရွာမှာစားဝတ်နေရေးအခက်အခဲဖြစ်တာပေါ့။ ဆန်မသယ်ရမရောင်းရရင်” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြေပုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က “အဲဒီတံတားမှာတော့ တံတားတစ်ဘက်ကရဲနဲ့ တစ်ဘက်က စစ်တပ်ရှိတယ်။ ကျွန်တော်အဲဒီက ရဲကိုမေးကြည့်နေပါတယ်။ ရဲကလည်း ကျနော်တို့စုံစမ်းကြည့်လိုက်မယ်လို့ပြောတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်ကောင်စီမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကိုဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

မြေပုံမြို့နယ် ယောချောင်းအထက်ဘက်တွင် ယောချောင်းရွာသာယာကျေးရွာနှင့် ချောင်းဖျားတွင် ချင်းလူမျိုးများနေထိုင်ကြောင်း သိရသည်။

ရခိုင်တွင် AA နှင့် စစ်တပ်တို့ကြားတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူ စစ်ဘေးရှောင် ၂ သိန်းခန့်အထိိရှိခဲ့ပြီး အစိုးရကပြန်ပို့သူနှင့် မိမိတို့သဘောဖြင့် ပြန်ကြသည့် စစ်ဘေးရှောင်အများအပြားရှိနေသည်ဟု သိရသည်။

အစိုးရအစီအစဉ်ဖြင့်ပြန်ပို့သူများကို နေထိုင်စားသောက်ရေးအဆင်ပြေစေရန် ဆန်ရိက္ခာအချို့နှင့် ငွေကြေးအချို့ကို ရခိုင်ပြည်နယ်ကောင်စီက ထောက်ပံ့ပေးခဲ့သည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...