နှစ်ဖက်သက်သေ ၂၀ ကျော်ကို တစ်လခန့် စစ်ဆေးပြီးနောက် အစိုးရ တပ်မတော် တပ်သား ဇော်မျိုးအေးအား အကျဉ်းစစ်တရားရုံးဖြင့် စစ်ဆေးကာ ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေ ပုဒ်မ ၄၇(၁)၊ မှုယစ်ခြင်း ပုဒ်မ ၆၅၊ စစ်စည်းကမ်းကို ဖောက်ဖျက်မှု ပုဒ်မ ရ၁(ခ) အရပ်ဘက် ဥပဒေကို ဖောက်ဖျက်မှုတို့ဖြင့် ထောက်ဒဏ် ရ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ရှေ့နေ ဦးဂျီမာခါးက မဇ္ဈိမကို ပြောသည်။
“ဒီနေ့ သူတို့ စစ်တပ် ခုံရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ရ နှစ်ချလိုက်တယ်။ အကျဉ်းစစ်တရားရုံးချုပ်ကနေ အဓိက ပုဒ်မ ၃ ခုနဲ့ ချလိုက်တာ။ ပြဿနာက ၃၇၆/၅၁၁တို့ မဒိန်းမှု ကျူးလွန်မှုက မပါနေဘူး။ အဲဒါကြောင့် ရွာသားတွေရော၊ ဗန်းမော်မြို့ခံတွေ အဲဒါကို မကျေနပ်လို့ ၃၇၆ /၅၁၁ ကနေ အရပ်ဘက် တရားရုံးမှာ စစ်ဆေးပေးဖို့ ပြင်ဆင်နေတယ်”ဟု ပြောသည်။
မူလက မိုးမောက်မြို့နယ် ရဲစခန်းတွင် (ပ) ၃၂၀၁ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၅၆၊ ၃၇၆၊ ၅၁၁ တို့ဖြင့် အမှုဖွင့်ထားသော်လည်း အဆိုပါ ချမှတ်ခြင်း မရှိခြင်းကြောင့် ဗန်းမော်မြို့နယ် ဒေသခံများ မကျေနပ်သဖြင့် အရပ်ဘက် တရားရုံးသို့ ပြန်လည် စစ်ဆေးပေးရန် ကြိုးစားနေသည်။
ပြီးခဲ့သည့် ဧပြီလ ၁၃ ရက် ညက ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာနေ အသက် ရ၃ နှစ်အရွယ် အဖွားအိုအား အစိုးရ တပ်မတော်သား ခမရ ၄၃၈ မှ တပ်သား ဇော်မျိုးအေးက အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သည်။
တရားခံ တပ်သား ဇော်မျိုးအေးအား ဇွန်လ ၁၅ရက်နေ့တွင် စစ်ခုံရုံးမှ အမိန့်ချလိုက်သော်လည်း အရပ်ဘက်တရားရုံးသို့ ဆက်လက် စစ်ဆေးပေးရန် ဆွေးနွေးနေဆဲဖြစ်ပြီး စောင့်ကြည့်နေသည်ဟု ဗန်းမော်မြို့နယ် KBC မှ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာကြီး ဦးနန်းဇိန်းတူးဂျာက မဇ္ဈိမကို ပြောသည်။
“သူ့ကို စစ်ခုံရုံးကနေ အမိန့်ချပြီးတာနဲ့ အရပ်ဘက် တရားရုံးကို တခါပြန်စစ်ဆေးပေးမယ်လို့တော့ ရဲတပ်ဖွဲ့ဘက်ကတော့ ပြောတယ်။ ကျွန်တော်တို့က သူတို့ ပြောတဲ့အတိုင်း လုပ်မလုပ်စောင့်ကြည့်နေတယ်”ဟု သူက ပြောသည်။
တပ်မတော်သား ဇော်မျိုးအေးအား အရပ်ဘက် တရားရုံးသို့ လွှဲပေး၍ လွတ်လပ်စွာ တရားစီရင်ပေးရန် မေလ ၁၃ ရက်ကလည်း KBC က ဦးဆောင်၍ ဗန်းမော်မြို့ခံများ ရာနှင့်ချီ တောင်းဆို ဆန္ဒပြဖော်ထုတ်ခဲ့သည်။
ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံနိုင်သည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။







