PDF ကိုငွေကြေးထောက်ပံ့သည်ဟုဆိုကာ အမျိုးသမီးငယ်တစ်ဦးကို ဖမ်းဆီးအမှုဖွင့်

PDF ကိုငွေကြေးထောက်ပံ့သည်ဟုဆိုကာ အမျိုးသမီးငယ်တစ်ဦးကို ဖမ်းဆီးအမှုဖွင့်

ကျောက်ဖြူမြို့တွင် PDF အား ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ရဲတပ်ဖွဲ့က အမျိုးသမီးသမီးငယ်တစ်ဦးကို ဖမ်းဆီးအမှုဖွင့်လိုက်သည်ဟု သိရသည်။

ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက် မင်းပြင်ဝန်ထမ်းအိမ်ရာ၌ နေထိုင်သည့် အသက် ၂၁ နှစ်အရွယ် မအေးမြင့်မြတ်အောင် ကို ဒီဇင်ဘာလ ၄ ရက် နံနက်စောစော ၁ နာရီအချိန်တွင် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သူမနှင့်ရင်းနှီးသူတစ်ဦးက နိရဥ္စရာသို့ပြောသည်။

“သူ့ကို ညဥ့် ၁ နာရီကဖမ်းဆီးသွားတယ်လို့ သိရတယ်။ လောလောဆယ်တော့ ကျောက်ဖြူရဲစခန်းမှာလို့ ကြားပါတယ်” ဟုပြောသည်။

ကျောက်ဖြူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “PDF ကို ငွေတွေဘာတွေ ထောက်ပံ့တယ်ဆိုပြီးအဖမ်းခံရတာပါ။ သူ့ကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)နဲ့အမှုဖွင့်ထားတယ်။ PDF ကို ထောက်ပံ့တယ်၊ ကူညီတယ်ဆိုပြီး အထက်က သူ့နာမည်တွေ မှတ်ပုံတင်၊ မိဘနာမည်တွေနဲ့တကွ စာလာလို့ အဖမ်းခံရတာ”ဟု နိရဥ္စရာသို့ အတည်ပြုပြောကြားသည်။

လက်ရှိတွင် သူမကို ချုပ်ရမန်ကြီး ၁ ပတ်ယူကာ ကျောက်ဖြူထောင်ချုပ်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

သူမသည် အဝေးသင်တက္ကသိုလ်ပထမနှစ်တက်ရန် လျှောက်ထားသူဖြစ်သည်ဟုလည်း သိရသည်။

လက်ရှိတွင် ရခိုင်၌ PDF နှင့်ဆက်စပ်သံသယဖြင့် သံတွဲမြို့မှ ဦးစိန်ချစ်(၄၂)နှစ်၊ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄)နှစ်နှင့် မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့မှ မတင်စန္ဒာဝင်းနှင့် ဒေါ်စန်းချိုသိုက်(၅၀)နှစ်နှင့် ကိုမင်းဒီပါ (၂၄)နှစ်တို့သည်လည်း အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က)၊ ၅၀(ည)တို့ဖြင့် ဖမ်းဆီးတရားစွဲဆို ထိန်းသိမ်းခံထားရကြောင်း သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...