စစ်တွေပွိုင့်ကမ်းခြေလည်ပတ်သူများ ကိုဗစ်စည်းကမ်းမလိုက်နာပါက အရေးယူခံရမည်ဟုဆို

စစ်တွေပွိုင့်ကမ်းခြေလည်ပတ်သူများ ကိုဗစ်စည်းကမ်းမလိုက်နာပါက အရေးယူခံရမည်ဟုဆို

ရခိုင်ပြည်နယ်တွင် ရက်ပိုင်းအတွင်း ကိုဗစ်ပိုးတွေ့မှုများလာသဖြင့် စစ်တွေရှိ ပွိုင့်ကမ်းခြေသို့လာရောက်လည်ပတ်သူများအနေဖြင့် ကိုဗစ်စည်းကမ်းနှင့်အညီသွားလာခြင်းမရှိပါက အရေးယူခံရမည်ဟု ပြည်နယ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက နိရဥ္စရာကို ပြောသည်။

“အရေးယူဖို့ရှိတယ်။ လောလောဆယ် ဘယ်နေ့စမလဲဆိုတာ မပြောနိုင်သေးဘူး။ အရေးယူမယ်ဆိုတာ ဖမ်းဆီးတာမျိုးတွေတော့ မလုပ်ဘူး။ ကိုဗစ်အခြေအနေတွေအရ ကိုဗစ်ပိုးတွေ့လူတွေ ပြန်ရှိလာတော့ ကမ်းခြေမှာအပန်းဖြေနေတဲ့သူတစ်ယောက်ယောက် ပိုးတွေ့ခဲ့ရင် ကမ်းခြေကို ပိတ်သင့်ရင်လည်းပိတ်မှာ”ဟု ပြောသည်။

စစ်တွေတွင် ယခုရက်ပိုင်း ဘင်္ဂလားဒေ့ရှ်မှ နယ်စပ်ကုန်သွယ်ရေးမှပြန်ဝင်လာသည့်လှေသမားအချို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သလို စစ်တွေမှ လေကြောင်းဖြင့်သွားမည့်သူများကို စစ်ဆေးရာတွင်လည်း ပိုးတွေ့သူများရှိနေသည်။

ယခုကဲ့သို့ ကိုဗစ်ပိုးတွေ့သူထပ်တိုးလာသည့်အတွက် ပွိုင့်ကမ်းခြေကို အတတ်နိုင်ဆုံး မလာသင့်ကြောင်း၊ လာရောက်လည်ပတ်မည်ဆိုပါက နှာခေါင်းစည်းများတပ်ခြင်း၊ စည်းကမ်းနှင့်အညီလာရောက်သင့်သည်ဟု စစ်တွေမြို့မှ လူငယ်တစ်ဦးဖြစ်သူ ကိုကျော်ကျော်ထွန်းက ပြောသည်။

“ကိုဗစ်ပိုးတွေ့သူတွေ ပြန်များလာတော့ စည်းကမ်းနဲ့လာရင်ပိုကောင်းပါတယ်။ အခုအခြေအနေအရဆိုရင် မလာတာအကောင်းဆုံးပါပဲ”ဟုပြောသည်။

ပွိုင့်ကမ်းခြေသို့ လာရောက်အပန်းဖြေသူများအနေဖြင့် ကိုဗစ်စည်းကမ်းချက်များကိုမလိုက်နာပါက အရေးယူသွားရန် ပြီးခဲ့သည် နိုဝင်ဘာ ၃ဝ ရက်က ပြည်နယ်ကောင်စီဝန်ကြီးချုပ်နှင့် ဝန်ကြီးများအပါအဝင် နပခ တိုင်းမှူးတို့ပြုလုပ်သည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ပွိုင့်ကမ်းခြေကို ကိုဗစ်တတိယလှိုင်းအတွင်း ဇူလိုင်လမှ စတင်ကာပိတ်ထားခဲ့ရာ ကိုဗစ်ကူးစက်မှုလျော့နည်းလာ၍ ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိ ရခိုင်တွင် ဒီဇင်ဘာလ ၁ ရက်အထိ ကိုဗစ်ပိုးတွေ့သူ ၅,၁၇၉ ဦးနှင့် သေဆုံးသူ ၄၉၈ ဦးအထိရှိနေပြီဖြစ်ကြောင်း သိရသည်။

 

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...