လိုင်စင်မဲ့ယာဥ် ဆက်တိုက်ဖမ်းဆီးနေလို့ ဘားအံမှာ ကုန်စည်ရောင်းဝယ်မှု ချက်ချင်းထိုးကျ

လိုင်စင်မဲ့ယာဥ် ဆက်တိုက်ဖမ်းဆီးနေလို့ ဘားအံမှာ ကုန်စည်ရောင်းဝယ်မှု ချက်ချင်းထိုးကျ

ကရင်ပြည်နယ် ဘားအံမြို့မှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဆက်တိုက် ဖမ်းဆီးနေတဲ့အတွက်ကြောင့် ကုန်ပစ္စည်း အရောင်းအဝယ်လုပ်တာ မရှိသလောက် နည်းပါးလာတယ်လို့ ကုန်ပစ္စည်းတင်ပို့ရောင်းချနေသူတွေက ပြောပါတယ်။

ဘားအံမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းမှုတွေ စတင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေတဲ့အတွက်ကြောင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်သူတွေအတွက် အခက်အခဲကြုံတွေ့နေရပြီး အရောင်းအဝယ် မရှိသလောက် နည်းပါးလာတယ်လို့ ကုန်သည်တစ်ဦးက အခုလို ပြောပါတယ်။

"အခုဆိုရင်ရွာက ဈေးရောင်းဈေးဝယ်တွေဟာ တက်လာမရဲတော့ဘူး။ မြို့ပေါ်ကဈေးရောင်းတဲ့ လူတွေကလည်း အကုန်လုံးက အခက်အခဲဖြစ်နေတယ်။ ဈေးတွေက မရောင်းရတော့ဘူးလေ။ တချို့ဆိုင်တွေဆို သုညမကွဲတဲ့ဆိုင်တွေတောင်ရှိတယ်။ အခုဆိုရင် ရွာကကားတွေ ဝစ်သောက်ကားတွေ ပေးမဝင်လာတော့ အကုန်လုံးက မလာရဲကြတော့ အကုန်လုံးအရောင်းအဝယ်တွေ ထိခိုက်တာပေါ့။ နဂိုကလည်း ကုန်ဈေးနှုန်းတွေက တက်နေတာနဲ့ ရွာသားတွေအတွက် အရင်က ကား ၁၀ စီးလာရင် အခုက ကား ၁ စီးပဲ လာနိုင်တော့တယ်" လို့ ဆိုပါတယ်။

လက်ရှိမှာတော့ လိုင်စင်မဲ့ယာဉ်တွေနဲ့ ဈေးလာ ဝယ်ရောင်းနေကြတဲ့သူတွေဟာ လိုင်စင်မဲ့ကားတွေ ဖမ်းလေ့ဖမ်းထမရှိတဲ့ မနက်အစောပိုင်းမှာသာ ဘားအံမြို့ထဲကို ကမန်းကတန်းနဲ့ ကုန်ပစ္စည်းတွေကို လာရောက်ဝယ်ယူရောင်းချနေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လိုင်စင်မဲ့ကားဖမ်းဆီးမှုကြောင့် ကျေးလက်တောရွာက ဒေသခံတွေဟာ လိုင်စင်မဲ့ယာဉ်တွေနဲ့ မြို့ထဲကို မလာရဲကြတော့လို့ ဘားအံမြို့တွင်းထဲမှာ ရှင်းလင်းခြောက်ကပ် နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ လမ်းတော့ကြည့်လိုက်တယ် ရှင်းနေတာပဲ ကားတွေ။ နောက်သုံးလေးယောက်စုပြီး လိုင်စင်ကားငှားပြီးတော့ လာကြတာပေါ့။ အမြတ်တွေနည်းသွားတယ်။ ဆိုင်တွေက ဖွင့်ကြတာပဲ အရောင်းအဝယ်တော့ပါးတယ်။

အရောင်းအဝယ်က အရင်လို ၁ သိန်းဖိုးလောက်ဝယ်မယ်ဆိုရင် ၄ ၅ သောင်းဖိုးလောက်ပဲ ဝယ်သွားကြတယ်။ ရွာမှာပြန်ရောင်းတဲ့လူတွေ အများကြီးမရင်းရဲတော့ဘူးပေါ့" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အခုလို အခြေအနေတွေကြောင့် ဘားအံမြို့ထဲက ကုန်ဆိုင်တွေမှာ အရောင်းအဝယ်ပါးလာကြတယ်လို့ ဘားအံမြို့ခံတွေက ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ လိုင်စင်မဲ့ယာဉ်တွေကို အဓိကထားပြီးသုံးစွဲနေရတာဖြစ်တဲ့အတွက် အခုလို စစ်ကောင်စီက ဖမ်းဆီးသိမ်းဆည်းမှုပြုလုပ်လာတဲ့အပေါ်မှာ ဒေသခံတွေက ဝေဖန်ပြောဆို နေကြပါတယ်။

အရင်ကတော့ လက်နက်ကိုင်အဖွဲ့အစည်းလက်မှတ်ပါရှိတဲ့ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးမှုမပြုဘဲ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပေမယ့် အခုအခါမှာတော့ လက်နက်ကိုင်အဖွဲ့အစည်းလက်မှတ်ပါတဲ့ ယာဉ်တွေကိုပါ စစ်ကောင်စီက ဖမ်းဆီးသိမ်းဆည်းခိုင်းနေတာဖြစ်ပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...